သတိုး
၁. ၁၀. ၂၀၂၆
ယခု အောက်တိုဘာလအတွင်း နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင် မလေးရှားနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဥ် သွားရောက်မည်ဖြစ်ကြောင်း မလေးရှားနိုင်ငံပိုင် သတင်းအေဂျင်စီ Bernama က ဗုဒ္ဓဟူးနေ့တွင် ဖော်ပြခဲ့သည်။
မြန်မာနိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်အား မလေးရှားနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဥ်လာရောက်ရန် ဖိတ်ကြားမည်ဟု မလေးရှားဝန်ကြီးချုပ်အန်ဝါ အီဘရာဟင်က စက်တင်ဘာ ၁၆ ရက်တွင် ပြောဆိုအပြီး မလေးရှားအစိုးရ ပြောရေးဆိုခွင့်ရှိသူနှင့် ဆက်သွယ်ရေးဝန်ကြီး Fahmi Fadzil က အောက်တိုဘာလအတွင်း ကွာလာလမ်ပူသို့ လာရောက်ရန် မျှော်လင့်ရသည့် ပြည်ပခေါင်းဆောင်များအနက် ဦးမင်းအောင်လှိုင် အပါအဝင်ဖြစ်ကြောင်း ပြောကြားချက်ကို ကိုးကား၍ Bernama က ဖော်ပြလာခြင်းဖြစ်သည်။
“ကျွန်တော် ဘာလို့ ဦးမင်းအောင်လှိုင်ကို ဖိတ်တာလဲ။ ကျွန်တော်တို့ သူနဲ့ မိတ်ဆွေဖွဲ့နိုင်တယ်၊ ကုန်သွယ်မှု လုပ်နိုင်တယ်လို့ ပြောချင်လို့ ဖိတ်တာပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံကို လက်ခံနိုင်တယ်၊ ဒါပေမဲ့ သူတို့ဘက်ကလည်း (သူတို့ရဲ့ ဒုက္ခသည်တွေကို) ပြန်လက်ခံရမယ်” ဟု မလေးရှားဝန်ကြီးချုပ်က နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ဖိတ်ကြားရသည့် အဓိကရည်ရွယ်ချက်အား ပြောကြားထားသည်။
ပြီးခဲ့သည့် ဇူလိုင်လတွင် ဘင်္ဂါလီ ၅၀၀၀ အား မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန် မြန်မာနိုင်ငံက သဘောတူညီခဲ့သည်ဟု အန်ဝါက ပြောကြားခဲ့သလို မြန်မာနိုင်ငံသားအဖြစ် စိစစ်ပြီးသူ ၁၄၇၆ ဦးကို စက်တင်ဘာ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် တပ်မတော်ရေယာဥ် သုံးစီးဖြင့် သွားရောက်ခေါ်ဆောင်ခဲ့သည်ဟုလည်း မြန်မာအစိုးရအဖွဲ့က ထုတ်ပြန်ကြေညာခဲ့သည်။
မလေးရှားနိုင်ငံသည် ဒုက္ခသည်များ နေရပ်ပြန်ပို့ရေး အစီအစဉ်၏ ဒုတိယအဆင့်အဖြစ် အခြား မြန်မာနိုင်ငံသား ၃,၅၂၄ ဦးကို ထပ်မံပြန်ပို့ရန် စီစဉ်နေကြောင်းလည်း Fahmi က ပြောကြားခဲ့သည်။
ထို့အပြင် အခြားသော မြန်မာဒုက္ခသည်များကို မိခင်နိုင်ငံသို့ ထပ်မံ ပြန်လည်ပို့ဆောင်နိုင်ရေးအတွက် မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဗရာဟင် (Anwar Ibrahim) သည် မကြာမီ ကာလအတွင်း မြန်မာနိုင်ငံနှင့် ဆွေးနွေးပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်း Fahmi က ဆက်လက်ပြောကြားသည်။
မလေးရှားနိုင်ငံသည် မြန်မာဒုက္ခသည်များ၏ လုံခြုံရေးကို ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ ပြန်လည်ပို့ဆောင်နေသည်ဆိုသည့် စွပ်စွဲချက်များကို ဝန်ကြီးချုပ် အန်ဝါက ငြင်းဆိုခဲ့ပြီး ကာလရှည်ကြာ ဖြစ်ပွားနေသည့် ပြဿနာများကို ဖြေရှင်းရန်အတွက် ဆက်လက်ထိတွေ့ဆက်ဆံရန် လိုအပ်ကြောင်း အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။
မလေးရှားနိုင်ငံရှိ ခိုလှုံခွင့်တောင်းခံသူအများစုဖြစ်သည့် မြန်မာဒုက္ခသည်များသည် ကြီးမားသော ဘဏ္ဍာရေးဝန်ထုပ်ဝန်ပိုးများ ဖန်တီးနေပြီး လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများကိုဖြစ်စေကြောင်းလည်း မလေးရှားနိုင်ငံက ပြောကြားထားသည်။
”သူတို့ကို မောင်းထုတ်ရုံတင် သက်သက်ဆိုတာ မဟုတ်ပါဘူး … ကျွန်တော်တို့ ပုံမှန် ညှိနှိုင်းမှုတွေ လုပ်နေပါတယ်” ဟု အန်ဝါက ပြောကြားခဲ့ကြောင်း အင်္ဂါနေ့ Bernama သတင်းဖော်ပြချက်တွင် ပါရှိသည်။
မလေးရှား – မြန်မာ နှစ်နိုင်ငံအကြား မိတ်ဆွေဖွဲ့ရန်၊ ကုန်သွယ်မှုပြုလုပ်ရန်နှင့် ဒုက္ခသည်များ ပြန်လည်ပို့ဆောင်ရေးလုပ်ငန်းစဉ် မြန်ဆန်လာစေရန်အတွက် နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်အား မလေးရှားနိုင်ငံဘက်က တရားဝင်ဖိတ်ကြားထားသည်ဟု မလေးရှားဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူတို့၏ ထုတ်ပြန်ပြောဆိုမှုအရ သိရှိရသော်လည်း မြန်မာအစိုးရအဖွဲ့ကမူ မလေးရှားခရီးစဥ်အပေါ် အတည်ပြု ထုတ်ပြန်လာခြင်း မရှိသေးချေ။
Ref: Reuters & CNA
