၁.၁၀.၂၀၂၆
Written by NYL
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအားလုံး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပြန်လည်ပါဝင်လာစေရေး၊ NCA အနှစ်သာရကို အခြေခံသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အပါအဝင် နှစ်ဖက်သဘောထားအမြင် တူညီသည့် သဘောထားစုစည်းချက်များအဖြစ် NSPNC နှင့် NCA-S EAOs တို့ တွေ့ဆုံဆွေးနွေးပွဲ ဒုတိယနေ့တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (NCA-S EAOs) ဆွေးနွေးညှိနှိုင်းရေးအဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲ ဒုတိယနေ့ကို စက်တင်ဘာ ၃၀ ရက်၊ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန (NSPC) အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးမှုကို စက်တင်ဘာ ၂၉ ရက်နှင့် ၃၀ ရက်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး နှစ်ရက်တာဆွေးနွေးညှိနှိုင်းရရှိမှုများအား မှတ်တမ်းတင်ဆောင်ရွက်ရာတွင် ဆွေးနွေးမှုပုံစံနှင့်ပတ်သက်၍ NSPNC နှင့် NCA-S EAO များအကြား ဆောင်ရွက်မည့် အခြေအနေများ၊ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေးကော်မတီများ ဖွဲ့စည်းဆောင်ရွက်မှု၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များတွင် လူထုအခြေပြုဆွေးနွေးပွဲများ၊ ဖိုရမ်များ ကျင်းပပြုလုပ်ရာတွင် သက်ဆိုင်ရာ NCA-S EAO များ ပူးပေါင်းဆောင်ရွက်သွားရေး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအားလုံး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပြန်လည်ပါဝင်လာစေရေး၊ NCA အနှစ်သာရကို အခြေခံသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ ယုံကြည်မှုတည်ဆောက်ခြင်းအား တိုးမြှင့်တည်ဆောက်နိုင်ရေးနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာကိစ္စတို့အား နှစ်ဖက်သဘောထားအမြင် တူညီသည့် သဘောထားစုစည်းချက်များအဖြစ် မှတ်တမ်းတင်လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။
တွေ့ဆုံဆွေးနွေးပွဲ ဒုတိယနေ့သို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အတွင်းရေးမှူး (၁) စဝ်စိုင်းငင်း၊ KNU/ KNLA ငြိမ်းချမ်းရေးကောင်စီ အတွင်းရေးမှူး (၁) စောကျော်ညွန့်၊ မွန်ပြည်သစ်ပါတီ (NMSP) ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်အောင်မငေး၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) စစ်ရေးချုပ် စောစိန်ဝင်း၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) အထွေထွေအတွင်းရေးမှူး စောမြသန္တာ၊ NCA-S EAOs အဖွဲ့များ၏ ညှိနှိုင်းရေးမှူးများဖြစ်ကြသော ဦးမျိုးဝင်းနှင့် နန်းယဉ်ယဉ်စိုးတို့ပါဝင်သည့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (အငြိမ်းစား)က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း မတူကွဲပြားသော ပါဝင်ပတ်သက်သူများ ပြန်လည်ချိတ်ဆက်နိုင်ရေးဆိုင်ရာ မူဘောင်အား ရှင်းလင်းဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲပထမရက်၌ ဆွေးနွေးရန် ကျန်ရှိသည်များအား ဆက်လက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က NSPNC ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု အခြေအနေများအား ရှင်းလင်းပြောကြားပြီး နှစ်ရက်တာဆွေးနွေးချက်များမှ ရရှိလာသော သဘောထားစုစည်းချက်များအား ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ ပိုမိုထိရောက်သော ဆွေးနွေးပွဲများ ကျင်းပ၍ တိကျသည့် သဘောတူညီချက်များချမှတ်နိုင်ရေးတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ကာ နှစ်ဖက် သဘောထားစုစည်းချက်များအား လက်မှတ်ရေးထိုးကြကြောင်း သိရသည်။
ထို့နောက် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (NCA-S EAOs) ဆွေးနွေးညှိနှိုင်းရေး အဖွဲ့ခေါင်းဆောင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အတွင်းရေးမှူး (၁) စဝ်စိုင်းငင်းနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့က နိဂုံးချုပ်အမှာစကားများ ပြောကြားခဲ့ပြီး ဆွေးနွေးပွဲရုပ်သိမ်းလိုက်ကြောင်း သိရသည်။
