၁.၁၀.၂၀၂၆
Written by Linn Eain
ဧရာ၀တီတိုင်းဒေသကြီးရှိ ရေဘေးသင့်ပြည်သူများအတွက် အာဆီယံ အရေးပေါ်ဆန်အရန်ရိက္ခာ (APTERR) အစီအစဉ်အရ ကိုရီးယားနိုင်ငံနှင့် တရုတ်ပြည်သူ့နိုင်ငံမှ လှူဒါန်းသည့် ဆန် ၁၃၀၉ ဒသမ ၃၃၉ တန်အား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ စက်တင်ဘာ ၃၀ ရက်၊ နံနက်ပိုင်းက လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
အာဆီယံအပေါင်းသုံး အရေးပေါ်ဆန်အရန်ရိက္ခာ (APTERR) အစီအစဉ် – ၃(၂၀၂၅) အရ ကိုရီးယားသမ္မတနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းသည့် အဆိုပါဆန်များကို ရေဘေးသင့်ပြည်သူများကို ထောက်ပံ့ရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနက တစ်ဆင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်။
APTERR အစီအစဉ်အရ လှူဒါန်းသည့် အဆိုပါဆန်များကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် လွှဲပြောင်းလက်ခံခဲ့ပြီး ယခုကဲ့သို့ အာဆီယံအပေါင်းသုံး အရေးပေါ်ဆန် အရန်ရိက္ခာ(APTERR) အစီအစဉ်ဖြင့် ရေဘေးသင့်ပြည်သူများကို လာရောက်ထောက်ပံ့သည့် APTERR အတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများနှင့် တရုတ်ပြည်သူ့နိုင်ငံတို့မှ တာဝန်ရှိသူများအား နိုင်ငံတော်အစိုးရကိုယ်စား၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ကိုယ်စားနှင့် ရေဘေးသင့်ပြည်သူများကိုယ်စား ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်က APTERR Tier 3 Program အကြောင်း ရှင်းလင်းတင်ပြခဲ့ပြီး APTERR အတွင်းရေးမှူးချုပ်ရုံးမှ အထွေထွေမန်နေဂျာ Dr.Choomjet Karnjanakesorn နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး၏ ပထမ အတွင်းဝန် Mr.Wang Xianzhong က လှူဒါန်းမှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ Tier 3 ဆန်များအား လွှဲပြောင်းပေးအပ်ရာ ကျေးဇူးတင်ဂုဏ်ပြုလွှာနှင့် ဒေသထွက်လက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
APTERR သည် အာဆီယံ ၁၀ နိုင်ငံနှင့် အပေါင်းသုံးနိုင်ငံများအတွင်း သဘာဝဘေးအန္တရာယ်နှင့် အရေးပေါ်အခြေအနေများဖြစ်ပေါ်ချိန်တွင် လိုအပ်သည့်ဒေသများသို့ အရန်ဆန်များထောက်ပံ့ ဖြန့်ဖြူးပေးနိုင်ရန် ဆောင်ရွက်သည့် အစီအစဉ်ဖြစ်ကြောင်း သိရသည်။
