
၁.၁၀.၂၀၂၆
Written by Linn Eain
အနောက်တိုင်းဆေးရောနှောထားသည့် အမျိုးသားအားတိုးဆေး (၆)မျိုးအား စံမညီတိုင်းရင်းဆေးဝါးများဖြစ်၍ အများပြည်သူများ သုံးစွဲရန် မသင့်လျှော်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အောက်တိုဘာ ၁ ရက်တွင် အသိပေး ထုတ်ပြန်ထားသည်။
ထို့ပြင် တိုင်းရင်းဆေးဝါးထုတ်လုပ်ဖြန့်ဖြူးသည့် လုပ်ငန်းများနှင့် ဆေးဝါးရောင်းချသည့် ဆေးဆိုင်များသည် တိုင်းရင်းဆေးပညာဦးစီးဌာနတွင် မှတ်ပုံတင်ထားခြင်းမရှိသော တိုင်းရင်းဆေးဝါးများ၊ ဆေးဝါးအတုများ၊ စံမညီတိုင်းရင်းဆေးဝါးများ၊ အများပြည်သူသုံးစွဲရန်မသင့်ကြောင်း ကြေညာထားသည့် တိုင်းရင်းဆေးဝါးများ တင်သွင်းဖြန့်ဖြူးရောင်းချခြင်းများကို ကျင့်ဝတ် (Ethic)အရ လုံးဝ (လုံးဝ) မပြုလုပ်ရန်နှင့် လိုက်နာ ဆောင်ရွက်ခြင်းမရှိပါက တိုင်းရင်းဆေးဝါးဥပဒေပုဒ်မ (၃၁)၊ (၃၂) အရ တရားစွဲဆိုအရေးယူမည်ဖြစ်ကြောင်းလည်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ကျန်းမာရေးဝန်ကြီးဌာနသည် အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေးဥပဒ်အန္တရာယ် ကင်းရှင်းကာ အကျိုးအာနိသင်ရှိသော တိုင်းရင်းဆေးဝါးများကို အများပြည်သူတို့ သုံးစွဲနိုင်ရန် စဉ်ဆက်မပြတ် စနစ်တကျ စစ်ဆေးလျက်ရှိရာ ဈေးကွက်အတွင်းတွေ့ရှိရသော ကျားရိုင်းအမှတ်တံဆိပ် အကြောအားတိုး ဆေး(ဆေးမှုန့်/ဆေးထုပ်)၊ ဂုဏ်မာန်တစ်ထောင်အမှတ်တံဆိပ် ရွှေသက်စောင့်အားတိုးဆေး (ဆေးပြား/ဆေးဘူး) တို့သည် တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့် တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင်ရရှိထားသော်လည်း ဈေးကွက်တွင် တိုင်းရင်းဆေးဝါးမှတ်ပုံတင်စဉ်က ဖော်ပြထားသော ဆေးဖုံ၊ ဖော်စပ်နည်းနှင့်အညီ မဟုတ်ဘဲ ဖော်စပ်ထားသော တိုင်းရင်းဆေးဝါး (စံမညီတိုင်းရင်းဆေးဝါး)ဖြစ်ခြင်း၊ သတ်မှတ်ချက်(၁၀) ချက် ပြည့်စုံမှန်ကန်မှုမရှိခြင်းနှင့် ဓာတ်ခွဲစစ်ဆေးစမ်းသပ်ချက်အရ အနောက်တိုင်းဆေးများ ရောနှော ပါဝင်နေသည်ကို စစ်ဆေးတွေ့ရှိကြောင်း သိရသည်။
ထို့ပြင် ဆက်လက်စစ်ဆေးရာတွင် ဈေးကွက်အတွင်းတွေ့ရှိရသော ကြာပန်းကြီးအမှတ်တံဆိပ် အမျိုးသားအားတိုးဆေး(ဆေးမှုန့်/ဆေးထုပ်)၊ 333 အမှတ်တံဆိပ် အမျိုးသားအားတိုးဆေး (ဆေးမှုန့်/ ဆေးထုပ်) နှင့် နေကြာပန်း အမှတ်တံဆိပ် အကြောအားတိုးဆေး(ဆေးမှုန့်/ဆေးထုပ်)တို့သည် တိုင်းရင်းဆေးဝါး မှတ်ပုံတင်နှင့် ထုတ်လုပ်ခွင့်လိုင်စင်ခွင့်ပြုထားမှုမရှိခြင်း၊ ဓာတ်ခွဲစစ်ဆေးစမ်းသပ်ချက်အရ အနောက်တိုင်းဆေးများ ရောနှောပါဝင်နေခြင်း၊ တောင်တန်းအမှတ်တံဆိပ် အမျိုးသားအားတိုးဆေး (ဆေးမှုန့်/ဆေးထုပ်)သည် အခြားဆေး၏ တိုင်းရင်းဆေးဝါးမှတ်ပုံတင်အမှတ်ကို ထည့်သွင်းအသုံးပြုထားခြင်း၊ တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့် ထုတ်လုပ်ခွင့်လိုင်စင်ခွင့်ပြုထားမှုမရှိခြင်း၊ ဓာတ်ခွဲစစ်ဆေးစမ်းသပ်ချက်အရ အနောက်တိုင်းဆေးများ ရောနှောပါဝင်နေခြင်းတို့ကို စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။
ထို့ကြောင့် အဆိုပါတိုင်းရင်းဆေးဝါးများသည် စစ်မှန်အစွမ်းထက်မှုကို အာမခံချက်မပေးနိုင်သော ကြောင့် အများပြည်သူများ သုံးစွဲရန်မသင့်လျော်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
