၂၈. ၆. ၂၀၂၃
Translated by Htwe Ko Tun

ထိုင်းနိုင်ငံတွင် မေလ ၁၄ ရက်ကကျင်းပခဲ့သော အထွေထွေ ရွေးကောက်ပွဲ၌ မဲအများဆုံးရရှိခဲ့သော ရှစ်ပါတီမဟာမိတ်အုပ်စု၏ အဓိကပါတီကြီးနှစ်ခုလည်းဖြစ်သော Move Forward Party (MFP) နှင့် ဖျူထိုင်းပါတီတို့အကြား အောက်လွှတ်တော်ဥက္ကဋ္ဌနေရာအတွက် မည်သည့်ပါတီကရသင့်သည် အငြင်းပွားနေမှုအား ညှိနှိုင်းဆွေး‌နွေးရန် ဇွန်လ ၂၈ ရက်တွင်သတ်မှတ်ထားခြင်းအား MFP ပါတီက အကန့်အသတ်မရှိ ရွှေ့ဆိုင်းကြောင်း ကြေညာခဲ့သည်။

ဖျူထိုင်းပါတီမှ ရွေးကောက်ခံအမတ်များ၊ ပါတီဝင်များက ဇွန်လ ၂၇ ရက်တွင် တွေ့ဆုံဆွေးနွေးကာ အောက်လွှတ်တော် အမတ်နေရာကို ဖျူထိုင်းပါတီကသာ ရသင့်ကြောင်း၊ ပါတီအနေဖြင့် အဆိုပြုထားသကဲ့သို့ အောက်လွှတ်တော်ဥက္ကဋ္ဌနှင့် အစိုးရအဖွဲ့ဝန်ကြီး နေရာ ၁၄ နေရာ ရရှိရမည်ဖြစ်ကြောင်း၊ MFP ကလည်း ဝန်ကြီးချုပ်နေရာနှင့် အစိုးရအဖွဲ့ဝန်ကြီး ၁၄ နေရာ ရရှိရမည်ဖြစ်ကြောင်း ဆွေး‌နွေးပွဲတွင် အခိုင်အမာဆုံး‌ဖြတ်ကြေညာခဲ့ကြသည်။

သို့သော် ဖျူထိုင်းပါတီ၏ ကြေညာချက်အပြီးတွင်ပင် ဇွန်လ ၂၇ ရက် ည၌ MFP ပါတီပြောရေးဆိုခွင့်ရှိသူ ပတ်ကာမွန် နူနာနန်က အောက်လွှတ်တော်ဥက္ကဋ္ဌနေရာအတွက် ပါတီနှစ်ပါတီဆွေးနွေးရန် ဇွန်လ ၂၈ ရက်တွင် သတ်မှတ်ထားခြင်းအား အကန့်အသတ်မရှိရွှေ့ဆိုင်းကြောင်း ပြောကြားခဲ့သည်။ ထို့အတူ မဟာမိတ်ရှစ်ပါတီတို့ ဇွန်လ ၂၉ ရက်၌ ဆွေးနွေးပွဲကျင်းပရန်လျာထားမှုကိုလည်း ရွှေ့ဆိုင်းလိုက်သည်ဟု ယူဆရသည်။

ယင်းအပြင် MFP က အောက်လွှတ်တော်ဥက္ကဋ္ဌနေရာအတွက်အပြင် ဖျူထိုင်း၏အထက်တွင် ဖော်ပြခဲ့သော ၁၄+၁ မူဝါဒအဆိုပြုချက်အား တစ်စုံတစ်ရာတုံပြန်ခြင်း မရှိသေးပေ။

လွှတ်တော်ကို ဇူလိုင်လ ၃ ရက်တွင်ခေါ်ယူ၍ ဇူလိုင်လ ၄ ရက်တွင် အထက်လွှတ်တော်နှင့် အောက်လွှတ်တော်ပေါင်းကာ ဝန်ကြီးချုပ်နှင့် အောက်လွှတ်တော်ဥက္ကဋ္ဌနေရာတို့ကို မဲပေးရွေးချယ်တော့မည်ဖြစ်ရာ ရက်အနည်းငယ်သာ လိုတော့ချိန်တွင် မဲအများဆုံးရထားသောပါတီနှစ်ခုအကြား ညှိနှိုင်းမရနိုင်သေးမှုက ထိုင်းနိုင်ငံရေးအခြေအနေကို မရေမရာဖြစ်နေစေသည်ဟုသုံးသပ်ရပေမည်။

Ref—-Nation Thailand

Leave a Reply

Your email address will not be published. Required fields are marked *