၂၈. ၆. ၂၀၂၃
Written By Thandar

မကြာခင်က ကျင်းပခဲ့တဲ့ မိုခါမုန်တိုင်း ရန်ပုံငွေ ပဒေသာကပွဲ နဲ့ ရန်ပုံငွေဘောလုံးပွဲတို့က ရရှိတဲ့ အလှူငွေတွေကို ရုပ်ရှင်၊သဘင်၊ ဂီတတို့က စုပေါင်းပြီး ဒီနေ့ ဇွန်လ ၂၈ ရက်က ရခိုင်ပြည်နယ် စစ်တွေအထိသွားရောက် လှူဒါန်းခဲ့ပါတယ်။

“မကြာခင်က ပါဝင်ဖျော်ဖြေခဲ့တဲ့ ရန်ပုံငွေ ပဒေသာကပွဲရယ်။ ရန်ပုံငွေ ဘောလုံးပြိုင်ပွဲနဲ့ တေးသီချင်း ဖျော်ဖြေခဲ့တယ်။ ဒီပွဲတွေကရတဲ့ ငွေကြေးတွေကို လှူဖို့အတွက် ကျွန်တော်တို့ ဒီနေ့ မနက် ၈ နာရီက ရန်ကုန်က ထွက်လာခဲ့တာပါ။ ရခိုင်ပြည်နယ် စစ်တွေက မိုခါမုန်တိုင်းသင့် ပြည်သူတွေ ပြန်လည်ထူထောင်နိုင်ဖို့အတွက် ရုပ်ရှင် သဘင် ဂီတအဖွဲ့တွေ တာဝန်ရှိလူကြီးတွေနဲ့ သွားရောက်လှူဒါန်းခဲ့ပါတယ်။ ပြီးတော့ စစ်တွေက လေဘေးသင့် ပြည်သူတွေကို တေးသီချင်းတစ်ပုဒ်စီနဲ့ သီဆိုဖျော်ဖြေခဲ့ကြပါတယ်”လို့ အဆိုတော် ဆိုတေးက MT News ကို ပြောပါတယ်။

အဆိုပါ ရခိုင်ပြည်နယ်ခရီးစဥ်ကိုတော့ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးကြည်စိုးထွန်း၊ ဂီတအစည်းအရုံးက ဥက္ကဋ္ဌ ဦးလွင်မြင့်တွေနဲ့အတူ အနုပညာလောကသရုပ်ဆောင်တွေ အဆိုတော်တွေဖြစ်တဲ့ ရန်အောင် ၊ ဦးအောင်လွင် ၊ ကိုဘင်း ၊ ခင်လှိုင် ၊ အစ္စဏီ ၊ Ella ရွှေစင် ၊ မိုးယံဇွန် ၊ မေသန်းနု ဆောင်းအိန္ဒြေထွန်း ၊ နှိုင်းယှဥ်မြင့်မိုရ် ၊ ဆိုတေး ၊ ဒီဖြိုး ၊ သာထူးဇော် ၊ ယုန်လေး ၊ စည်သူမောင် ၊ ဦးမျိုးလှိုင်ဝင်း ၊ ဦးကြည်လင်း စတဲ့သူတွေ သွားရောက်ပြီး မုန်တိုင်းသင့် ပြည်သူတွေ ပြန်လည်ထူထောင်ရေး လုပ်ဆောင်နိုင်ဖို့အတွက် အနုပညာရှင်တွေ အတတ်ပညာရှင်တွေက သွားရောက်ပြီး အဝတ်အထည် ၊ အစားအသောက်တွေနဲ့ ငွေကြေးတွေကို လှူဒါန်းခဲ့တာလည်း ဖြစ်ပါတယ်။

လှူဒါန်းမှုမှာ အနုပညာရှင် အတတ်ပညာရှင်တွေက တေးသီချင်းတွေနဲ့ သီချင်းဖျော်ဖြေမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဇွန်လ ၂ ရက်ကနေ ၄ ရက်အထိ ကျင်းပခဲ့တဲ့ ရန်ပုံငွေ ပဒေသာကပွဲက ရရှိလာတဲ့ ငွေကြေးနဲ့ ဇွန်လ ၁၆ ရက်နဲ့ ၁၇ ရက်မှာ ဘောလုံးပြိုင်ပွဲနဲ့ တေးဂီတဖျော်ဖြေပွဲက ရရှိလာတဲ့ ငွေကြေးတို့အပြင် လိုအပ်တဲ့ စားနပ်ရိက္ခာတချို့ကိုလည်း လှူဒါန်းခဲ့ကြတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *