၂၈. ၆. ၂၀၂၃
Written by Pan Ei

အသက် ၄၅ နှစ်အရွယ် ဘယ်လ်ဂျီယံနိုင်ငံသားတစ်ဦးဖြစ်ပြီး TikTok မှာလည်း လူသိများတဲ့ David Baerten ဆိုသူဟာ ဘယ်မိသားစုဝင်တွေ၊ ဘယ်မိတ်ဆွေအပေါင်းအသင်းတွေက သူ့ကိုဂရုစိုက်လဲဆိုတာ သိရဖို့ သေဆုံးချင်ယောင်ဆောင်ကာ ဈာပနအတုကို ပြုလုပ်ခဲ့ပါတယ်။

David Baerten ဟာ သူ့ရဲ့ဇနီးသည်၊ သားသမီးတွေနဲ့ တိုင်ပင်ကာ မိတ်ဆွေတွေနဲ့ အခြားမိသားစုဝင်တွေကို လိမ်လည်ဖို့ အစီအစဉ်ဆွဲခဲ့ကြတာဖြစ်ပြီး သူ့ကလေးတစ်ယောက်က ဆိုရှယ်မီဒီယာမှာ သူသေဆုံးသွားပြီဆိုတဲ့ သတင်းကို တင်ခဲ့တာပါ။

ဘယ်လ်ဂျီယံနိုင်ငံ၊ လီယက်မြို့မှာ ပြုလုပ်ခဲ့တဲ့ သူ့ရဲ့ဈာပနအတုကို ဝမ်းနည်းခြင်းအထိမ်းအမှတ် အနက်ရောင်ဝတ်စုံတွေ ဝတ်ဆင်ထားတဲ့ သူငယ်ချင်းတွေနဲ့ မိသားစုဝင် အများအပြား တက်ရောက်ခဲ့ကြပြီး အခမ်းအနားစတင်မယ့်အချိန်ကို လူတိုင်းက စောင့်မျှော်နေကြချိန်မှာ သူဟာ ရဟတ်ယာဉ်နဲ့ဆင်းသက်လာခဲ့လို့ ဝမ်းနည်းပူဆွေးသူတွေက သူအသက်ရှင်နေတာ တွေ့ခဲ့ရချိန်မှာ အံ့ဩအထိတ်တလန့်ဖြစ်ကာ ဝမ်းသာမျက်ရည်တွေပါ ကျခဲ့ကြပါတယ်။

David Baerten က “မိသားစုဝင်တွေက ငါ့ကို ခေါ်တာပြောတာတွေ မရှိခဲ့တာက မကြာခဏနာကျင်ခဲ့ရတယ်။ ငါ့ကိုဘယ်သူမှ အဖက်မလုပ်ခဲ့ကြဘဲ ငါ့ကိုတန်ဖိုးမထားသလို ခံစားခဲ့ရတယ်” လို့ဆိုကာ သူ့ရဲ့ဈာပနအတုပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကို ပြောကြားခဲ့ပြီး “အဲဒါကြောင့် ကျွန်တော် သူတို့ကို ဘဝသင်ခန်းစာတစ်ခု ပေးချင်တာပါ။ တစ်စုံတစ်ယောက်နဲ့တွေ့ဆုံဖို့ သေသွားတဲ့အထိ မစောင့်သင့်ဘူးဆိုတာ ပြချင်လို့ပါ” လို့ သူက ဆက်လက်ပြောကြားခဲ့ပါတယ်။

Ref; Sky News

Leave a Reply

Your email address will not be published. Required fields are marked *