၂၉. ၆. ၂၀၂၃
Written by Pan Ei

ထိုင်းဘုရင့်သမီးတော် မဟာချက္ကရီသီရီဒုံရဲ့ အသက် ၆၀ ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် ၂၀၁၅ ခုနှစ်က စတင်တည်ထောင်ခဲ့တဲ့ Princess Maha Chakri Award ဖောင်ဒေးရှင်း (PMCA) ကနေ နှစ်နှစ် တစ်ကြိမ် အရှေ့တောင်အာရှနိုင်ငံ ၁၁ နိုင်ငံက ထူးချွန်ဆရာ၊ ဆရာမတွေကို ဆုချီးမြှင့်လေ့ရှိပြီး အခုနှစ်အတွက် ပေးအပ်ချီးမြှင့်တဲ့ ဆုတွေထဲက တစ်ဆုကို မြန်မာနိုင်ငံ၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းက အထက်တန်းပြ ဆရာမ ဒေါ်အေးစုဝင်းက လက်ခံရရှိဖို့ ရွေးချယ်ခံခဲ့ရပါတယ်။

ပဉ္စမအကြိမ်ကျင်းပမယ့် အဆိုပါ ဆုပေးပွဲကို ထိုင်းဆရာများကောင်စီ၊ မျှတသောပညာရေးရန်ပုံငွေအဖွဲ့နဲ့ သက်ဆိုင်ရာအေဂျင်စီတွေ ပူးပေါင်းကာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ လာမယ့် အောက်တိုဘာ ၁၇ ရက်မှာ ကျင်းပသွားမှာပဲ ဖြစ်ပါတယ်။

အင်္ဂလိပ်စာနဲ့ အဓိကကျောင်းဆင်းဆရာမတစ်ဦးဖြစ်တဲ့ အင်္ဂလိပ်စာပြ ဆရာမဒေါ်အေးစုဝင်းဟာ ကျောင်းသားတွေကို စာဖတ်ရာမှာ ကူညီပေးဖို့ ကျောင်းစာကြည့်တိုက်မှာရှိတဲ့ စာအုပ်တွေကို အသုံးပြုပြီး ကျောင်းတွင်းလှုပ်ရှားမှုတွေ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ပေးခဲ့ပါတယ်။ ဒါ့အပြင် သူမဟာ ကျောင်းသားတွေကို ရာသီအလိုက် ဟင်းသီးဟင်းရွက်နဲ့ သစ်သီးပင်များ စိုက်ပျိုးတတ်အောင် သင်ကြားပေးပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို အာဟာရရှိအောင် စားသုံးတတ်စေဖို့လည်း သင်ကြားပေးပါတယ်။ အသက် ၃၈ အရွယ် ဆရာမဟာ ၂၀၁၇ ခုနှစ်မှာ သူမရဲ့ကျောင်းသားတွေကို အာဆီယံ Cyber ​​Kids Camp အတွက် သင်ကြားပို့ချပေးခဲ့ပြီး ကျောင်းသားတွေက Scratch ပရိုဂရမ် အသုံးပြု ယှဉ်ပြိုင်ခဲ့ကြကာ တတိယဆုရရှိခဲ့ပါတယ်။ သူမဟာ ကျောင်းသားတွေရဲ့ ဘဝကို ပြောင်းလဲဖို့ ထူးချွန်တဲ့ ကြိုးစားအားထုတ်မှုတွေအတွက် ဆုချီးမြှင့်ခံရသူအဖြစ် ရွေးချယ်ခံခဲ့ရတာပဲ ဖြစ်ပါတယ်။

ဖောင်ဒေးရှင်းဟာ အရှေ့တောင်အာရှ ၁၁ နိုင်ငံက ထူးချွန်သူတွေ ရွေးချယ်ကာ ရွေးချယ်ခံရသူတွေကို ဆု ငါးမျိုး ပေးအပ်ချီးမြှင့်ပြီး အဆိုပါ ဆု ၅ မျိုးဟာ မင်းသမီးမဟာချက္ကရီဆုတံဆိပ်၊ ဂုဏ်ထူးဆောင် ရွှေရင်ထိုး၊ မင်းသမီးမဟာချက္ကရီဆုတံဆိပ်ပြား၊ ဆုငွေ အမေရိကန်ဒေါ်လာ ၁၀,၀၀၀ နဲ့ ဂုဏ်ပြုလက်မှတ် တို့ပဲ ဖြစ်ကြပါတယ်။

ဒီ Princess Maha Chakri Award ဆုကို ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ကြာအင်းကြီးကျေးရွာ အလယ်တန်းကျောင်းက ဆရာမဒေါ်ရည်မွန်စိုးက ၂၀၁၅ ခုနှစ်အတွက် ရွေးချယ်ခံခဲ့ရဖူးပြီး လားရှိုးမြို့ အစိုးရအထက်တန်းကျောင်းက အထက်တန်းပြအင်္ဂလိပ်စာဆရာ ဦးကျော်ဇင်အောင် ကလည်း ၂၀၂၀- ၂၀၂၁ ခုနှစ်အတွက် ရွေးချယ်ခံခဲ့ရဖူးပါတယ်။

Photo – Aik Thon
Ref; Global News Light of Myanmar

Leave a Reply

Your email address will not be published. Required fields are marked *

Related News