၂၇. ၆. ၂၀၂၃
Translated by Htwe Ko Tun

ကမ္ဘာ့ဘဏ်က ဇွန်လ ၂၇ ရက်တွင် ထုတ်ပြန်သော အစီရင်ခံစာတစ်စောင်၌ မြန်မာနိုင်ငံ၏စီးပွားရေးမှာ မူဝါဒမှားယွင်းမှုများနှင့် နိုင်ငံက အကျပ်အတည်းအခြေအနေအတွင်း ဆက်လက်တည်ရှိနေဆဲဖြစ်မှုတို့ကြောင့် အမြဲတန်းလိုလိုထိခိုက်မှုရှိနေနိုင်ကြောင်း ဖော်ပြခဲ့သည်။

အဆိုပါအစီရင်ခံစာက ‘ထိခိုက်လွယ်နေသော စီးပွားရေးပြန်လည်နာလန်ထူမှု’ ဟု ခေါင်းစဉ်တပ်ကာ မြန်မာနိုင်ငံ၏ အမျိုးသားအသားတင်ထုတ်လုပ်မှုတန်ဖိုး(GDP)နှင့်ပတ်သက်၍ ခန့်မှန်းခဲ့ရာ၌ မြန်မာနိုင်ငံ၏ ဂျီဒီပီမှာ ၂၀၂၃ ခုနှစ်စက်တင်ဘာလအထိ သုံးရာခိုင်နှုန်းတိုးတက်မည်ဟု ခန့်မှန်းရကြောင်း ပြောခဲ့သည်။ သို့သော် နှစ်စဉ်ဂျီဒီပီ တိုးတက်မှုက ၂၀၁၉ ခုနှစ် ကပ်ရောဂါဆိုးကြီး မတိုင်မီကထက် ၁၀ ရာခိုင်နှုန်းနိမ့်ကျနေမည်ဟု ခန့်မှန်းရကြောင်း၊ ၎င်းက နိုင်ငံ၏ စီးပွားရေးတန့်နေခြင်းကို ဖော်ပြခြင်းဖြစ်ကြောင်း အစီရင်ခံစာက ဆက်လက်ဖေါ်ပြခဲ့သည်။

ထို့ပြင် မြန်မာအစိုးရ၏ နိုင်ငံတည်ငြိမ်ရေးနှင့် စီးပွားရေးတိုးတက်မှုအတွက် စီမံခန့်ခွဲဆောင်ရွက်နိုင်ခြေများကို အစီရင်ခံစာတွင် ကမ္ဘာ့ဘဏ်က သတိပေးဖော်ပြခဲ့သည်။ နိုင်ငံအတွင်း လက်နက်ကိုင်ပုန်ကန်မှု ထကြွနေခြင်း၊ နယ်စပ်ဒေသများတစ်လျှောက် လူမျိုးစုလက်နက်ကိုင်တပ်ဖွဲ့များ အားကောင်းနေခြင်းနှင့် ပြည်တွင်း၌ အစိုးရအားဆန့်ကျင်မှု ရေရှည်တည်ရှိနေခြင်းတို့က မြန်မာအစိုးရအတွက် နိုင်ငံကို အပြည့်အဝထိန်းချုပ်နိုင်ရန် တားဆီးနေပြီး အစိုးရ၏ စီးပွားရေးအရ တရားဝင်ဖြစ်စေရန်ကြိုးပမ်းမှုကို အနှောင့်အယှက်ပြုနေကြောင်းလည်း အစီရင်ခံစာက ဆိုသည်။

ထို့ပြင် နိုင်ငံတွင်းပဋိပက္ခများ ဆက်လက်တည်ရှိနေမှုက နယ်စပ်ကုန်သွယ်ရေးနှင့် ကျေးလက်ဒေသစီးပွားရေးတိုးတက်မှုကိုပါ သက်ရောက်မှုရှိစေကြောင်းလည်း ဖော်ပြခဲ့သည်။

အလုပ်သမားဈေးကွက် အခြေအနေများကလည်း မရေမရာဖြစ်နေကြောင်း၊ ၂၀၁၇ မှ ၂၀၂၂-၂၃ ခုနှစ်များအထိ အလုပ်လုပ်နိုင်သည့်အရွယ်သို့ တိုးတက်ရောက်ရှိလာသူ ကိုးသန်းခန့်ရှိသော်လည်း ထိုကာလအတွင်း အလုပ်အကိုင်နေရာ နှစ်သန်းခန့်သာ ပေါ်ပေါက်ခဲ့ကြောင်း၊ အလုပ်လက်မဲ့ဖြစ်နေသူ ပညာမသင် ကြားရသူ(သို့မဟုတ်)သင်တန်းတက်ရောက်သင်ကြားရခြင်းမရှိသူ ခြောက်သန်းနီးပါးထိရှိရာ အလုပ်လုပ်နိုင်သည့် အသက်အရွယ်ရှိသူ အရေအတွက်၏ ၄၀ ရာခိုင်နှုန်းခန့်ရှိမည်ဟုလည်း သိရသည်။

ထို့ပြင် အစိုးရ၏မူဝါဒများက စီးပွားရေးလုပ်ငန်းများအပေါ် တင်းကျပ်မှုများ ပြုလွန်းသည်ဟုလည်း အစီရင်ခံစာကဆိုသည်။ ဇွန်လအထိ လွန်ခဲ့သောခြောက်လတာကာလအတွင်း၌ ပို့ကုန်နှင့် သွင်းကုန်လိုင်စင် လျှောက်ထားမှုများ တိုးတက်ကာ လောင်စာဆီသွင်းကုန်များအပေါ် စည်းမျဉ်းများလည်း တိုးတက်လာခဲ့ပြီး နိုင်ငံခြားသို့ ငွေလွှဲပေးပို့မှုများအပေါ်တွင်လည်း စီမံခန့်ခွဲမှုဆိုင်ရာ တင်းကျပ်မှု ပိုလာကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့ပြင် သွင်းကုန်များအပေါ် ထပ်မံစိစစ်မှုများနှင့် ကန့်သတ်မှုများရှိသော နိုင်ငံခြားငွေလဲလှယ်ရေးစနစ်တို့ကြောင့် စီးပွားရေးလုပ်ငန်းများအတွက် အခက်အခဲတွေ့ရကြောင်းလည်း ဆိုသည်။

ထိုကဲ့သို့ ဆိုးရွားလျက်ရှိသော အခြေအနေများကြောင့် မြန်မာနိုင်ငံဈေးကွက်မှ ပြန်လည်ထွက်ခွာသွားကြသော ကုမ္ပဏီများရှိခဲ့ကြောင်း၊ ကျွမ်းကျင်လုပ်သားအများအပြား ပြည်ပသို့ထွက်ခွာမှုနှင့် ပြည်ပရင်းနှီးမြှုပ်နှံမှုနှေးကွေးနေခြင်းတို့က မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှု အလားအလာများကို အမြဲတန်းလိုလို ထိခိုက်စေသည့် အကြောင်းရင်းများဖြစ်နေကြောင်း ကမ္ဘာ့ဘဏ်အစီရင်ခံစာက ဖော်ပြထားသည်။

Ref—–Nikkei Asia

Leave a Reply

Your email address will not be published. Required fields are marked *

Related News