April 29, 2024

၁၂. ၆. ၂၀၂၃
Written by Phyo Wei

ပြီးခဲ့တဲ့လပိုင်းမှာ ချင်း PDF တွေက အိန္ဒိယနိုင်ငံသားသုံးဦးကို သတ်ဖြတ်၊ မီးရှို့၊ အလောင်းဖျောက်မှုဖြစ်ခဲ့ပြီးနောက်မှာ အိန္ဒိယနိုင်ငံဘက်မှာ တရားမဝင် ဝင်ရောက်လာနေတဲ့ မြန်မာနိုင်ငံသားတွေကို ဖမ်းဆီးဖို့ ဆန္ဒပြတောင်းဆိုမှုတွေ မြင့်တက်သထက်မြင့်တက်လာနေတဲ့ ဒီရက်သတ္တပတ်မှာ ထူးခြားဖြစ်စဥ်ကတော့ NUG ရဲ့ PDF တွေ ပကဖတွေ၊ ပလဖတွေဟာ တစ်ဂူထဲမှာ ခြင်္သေ့နှစ်ကောင်မအောင်းတဲ့ မူနဲ့ နယ်မြေလုဖို့ ဒေသန္တရလက်နက်ကိုင်တပ်တွေကို တိုက်ခိုက်ဖမ်းဆီး သတ်ဖြတ်မှုဖြစ်စဥ်တွေ များခဲ့ပါတယ်။

တစ်ဖက်မှာလည်း စာသင်ကျောင်းတွေ ဖွင့်လှစ်မှုများလာပြီး ကလေးတွေကျောင်းတက်နေတာကို မလိုလားသူတွေက ကျောင်းတွေကို ဗုံးခွဲ၊ ဒရုန်းနဲ့ပစ်၊ ကျောင်းအုပ်တွေကို စာနဲ့ကျည်ဆံပို့ခြိမ်းခြောက်တဲ့ ဖြစ်စဥ်တွေ များပြားခဲ့တဲ့ ဒီရက်သတ္တပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်အဖြစ်တော့ မိုခါကြောင့် အခြေခံအဆောက်အအုံတွေ ဒေါ်လာ ၁၃ ဘီလျံကျော်ဖိုး ပျက်စီးတာ၊ ကျန်းမာရေးဝန်ထမ်း သတ်ဖြတ်ဖမ်းဆီးခံရမှုအများဆုံးနိုင်ငံတွေထဲ မြန်မာနိုင်ငံပါဝင်လာတာနဲ့ အာဆီယံ ၁၁ နိုင်ငံက ရေတပ်တွေ ပူးတွဲလေ့ကျင့်ဖို့မှာ မြန်မာနိုင်ငံပါဝင်လာမယ်ဆိုတဲ့အကြောင်းတွေကို သုံးသပ်ချင်ပါတယ်။

“အခြေခံအဆောက်အအုံ ဒေါ်လာ ၁၃ ဘီလျံကျော်ဖိုး ပျက်စီးတဲ့ မိုခါ”

ပြီးခဲ့တဲ့ နှစ်နှစ်ကျော်အတွင်းမှာ NUG, PDF တွေနဲ့ EAOs တချို့က ပုဂ္ဂလိကနဲ့ နိုင်ငံပိုင်အခြေခံအဆောက်အအုံတွေဖြစ်တဲ့ လမ်း၊ တံတား၊ ကျောင်း၊ ရုံး၊ လျှပ်စစ်တာဝါတိုင် စတာတွေ ၅၀၀၀ လောက် တိုက်ခိုက်ဖျက်ဆီးခံခဲ့ရတဲ့ မြန်မာနိုင်ငံဟာ မိုခါမှာ ဓာတ်တိုင် ၈၀၀၀ ကျော်နဲ့ စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ ဘာသာရေးအဆောက်အအုံတွေ၊ အများပြည်သူတွေရဲ့ ရေကန်တွေနဲ့ နေအိမ်စတဲ့ အခြေခံအဆောက်အအုံ ၇ သိန်းလောက်ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

ဒီလိုမျိုး မိုခါကြောင့် ပျက်စီးတဲ့ ပမာဏဟာ ဒေါ်လာ ၁၃ ဘီလျံခွဲလောက်ရှိတယ်လို့ ကွင်းဆင်းစစ်ဆေးခဲ့တဲ့ အာဆီယံရဲ့ သဘာဝဘေး စီမံခန့်ခွဲရေးနဲ့ လူသားချင်းဆိုင်ရာစာနာမှုအကူညီပေးရေးအဖွဲ့ဖြစ်တဲ့ AHA Centre က ထုတ်ပြန်လာပါတယ်။ ဒီမုန်တိုင်းကြောင့် လူပေါင်း ၂ ဒသမ ၉၂ သန်း ထိခိုက်ခဲ့သလို ရခိုင်ပြည်နယ်မှာ တစ်ရက်ကို ရေလီတာပေါင်း ၂ ဒသမ ၁၉ သန်း လိုအပ်နေအပ်နေတဲ့အပြင် အာဟာရအတွက်လည်း တစ်ရက်ကို ကယ်လိုရီ ၁ ဒသမ ၅၃ ဘီလျံခန့် လိုအပ်နေတယ်လို့လည်း AHA Centre က သုံးသပ်ခဲ့ပါသေးတယ်။

အခြေခံအဆောက်အအုံဆိုတာ ဂါထာမန်းမှုတ်သလို ဥုံဖွဆိုတာနဲ့ ဖြစ်မလာဘဲ တချို့သောလမ်းတွေ၊ တံတားတွေ၊ ကျောင်းတွေ၊ ဆေးရုံတွေဟာ နှစ်နဲ့ချီ အချိန်ယူတည်ဆောက်ရပါတယ်။ ဒီလိုအခြေအနေမျိုးမှာ မိုခါဘေးအတွက်လည်း ပြည်တွင်းပြည်ပကူညီလှူပံ့ငွေဟာ လက်ရှိအချိန်ထိကို ဒေါ်လာတစ်ဘီလျံမပြည့်သေးတဲ့အခြေအနေမို့ ရခိုင်ပြည်နယ်ပြန်လည်ထူထောင်ရေးဟာ နှစ်များစွာအချိန်ယူရမှာက အရှိတရားပါ။ အစိုးရတစ်ရပ်ကို မကျေနပ်တာကြောင့် နိုင်ငံပိုင်အခြေခံအဆောက်အအုံတွေကို ဝိုင်းဝန်းဖျက်ဆီးနေတဲ့၊ ဒီလိုဖျက်ဆီးတာကိုပဲ ကျေနပ်လက်ခံနေတဲ့နိုင်ငံမျိုးမှာ မိုခါဟာ ဘူးလေးရာဖရုံဆင့်သလို အခြေခံအဆောက်အအုံမှန်သမျှဖျက်ဆီးပြီးမှ သုညကပြန်စမယ်ခံယူချက်နဲ့ နိုင်ငံတစ်ခုဟာ အကြိမ် ၂၀ လောက်အာဏာသိမ်းခံရတဲ့ ထိုင်းလိုအဆင့်ရောက်ဖို့တောင် ဆယ်စုနှစ်များစွာ ပြန်တည်ဆောက်ရမှာက အသေအချာပါပဲ။

“သတ်ဖြတ်ဖမ်းဆီးခံရမှုအများဆုံး ကျန်းမာရေးဝန်ထမ်း”

အဖမ်းခံမလား၊ အသတ်ခံမလား မေးမယ်ဆို ဘယ်လိုလူကိုပဲမေးမေး အဖမ်းခံရဖို့ပဲ ရွေးကြမှာတော့ အများစုပါ။ လူ့ဘဝဟာ အဆုံးသတ်မသွားရင် အရာရာပြန်စလို့ရပေမဲ့ သေဆုံးသွားရင်တော့ အရာရာပြီးသွားတာပါပဲ။ လက်ရှိမြန်မာနိုင်ငံမှာဆိုလည်း “တစ်ဖက်ကိုထောက်ခံရင် တစ်ဖက်ကဖမ်း၊ တစ်ခုကိုထောက်ခံရင် တစ်ခုက သတ်” ဆိုတဲ့ ခက်ခဲကျဥ်းမြောင်းတဲ့ အခြေအနေကို ရင်ဆိုင်နေရသလို ဒီကာလကြီးမှာ သတ်ဖြတ်ခံရတဲ့ပြည်သူ ၄၀၀၀၀ လောက်နဲ့ ဖမ်းခံရတဲ့ပြည်သူ ၂၀၀၀၀ လောက် ရှိနေတာပါ။

အဲဒီအထဲမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၅ ရက်နေ့အထိ အစိုးရဝန်ထမ်း၊ အုပ်ချုပ်ရေးမှူး၊ ရဟန်းသံဃာ၊ ကလေးသူငယ်၊ အရပ်သားအပါအဝင် စုစုပေါင်း သေဆုံး ၅,၄၄၃ ဦးနဲ့ ဒဏ်ရာရသူ ၄,၅၇၇ ဦးလည်း အပါအဝင်ပါ။ ဒါ့အပြင် ၂၀၂၂ ခုနှစ်အတွင်းမှာ ကျန်းမာရေးလုပ်ငန်း လုပ်ကိုင်နေသူဦးရေ  ၁၁၂ ဦးဖမ်းဆီးခံရပြီး အနည်းဆုံး ၂၇ ဦး အသတ်ခံခဲ့ရတယ်လို့ Safeguarding Health in Conflict Coalition (SHCC) က ဖော်ပြခဲ့ပြီး ဒီပမာဏဟာ ကမ္ဘာပေါ်မှာ ကျန်းမာရေးဝန်ထမ်းသတ်ဖြတ်ခံရမှုအများဆုံးစာရင်းထဲ ပါဝင်နေတာပါ။

ဒါပေမဲ့ ၂၀၂၂ ခုနှစ်မှာ ကျန်းမာရေးလုပ်ငန်း လုပ်ကိုင်နေသူတွေ ဖမ်းဆီးခံရတဲ့အရေအတွက်ကတော့ ၁၁၂ ဦးပဲရှိတာမို့လို့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်နဲ့ နှိုင်းယှဉ်မယ်ဆို များစွာလျော့ကျခဲ့ပြီး၂၀၂၁ ခုနှစ်တုန်းက  ကျန်းမာရေးလုပ်ငန်းလုပ်ကိုင်နေသူဦးရေ ၆၇၉ ဦးအထိ ဖမ်းဆီးခံခဲ့ရတာလို့ SHCC အဖွဲ့က ဖော်ပြခဲ့တာပါ။ ဒီအထဲမှာ အဆိုးဆုံးအဖြစ်လည်း ၂၀၂၂ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ကျန်းမာရေးအဆောက်အဦပေါင်း  ၄၆ ခု ထိခိုက်ပျက်စီးခံခဲ့ရသလိုကျန်းမာရေးအဆောက်အဦပေါင်း ၃၂ ခုကလည်း စီးနင်းခံရမှု ဖြစ်ပွားခဲ့တယ်လို့ SHCC က ဖော်ပြခဲ့ပါသေးတယ်။

နိုင်ငံရေးပဋိပက္ခတစ်ခုဖြစ်စဥ်မှာ လူ့အသက်ကိုကယ်တင်ရမဲ့ ကျန်းမာရေးဝန်ထမ်းတချို့ဟာ CDM လုပ်မယ်ဆိုပြီး ဆေးရုံတွေပိတ်၊ အသက်လုနေရတဲ့ လူနာပေါင်းထောင်သောင်းချီကို ဆေးရုံပေါ်က မောင်းချမှုတွေရဲ့ ဆင့်ကဲဆိုးကျိုးတွေဟာ ဒီနေ့အထိ အတောမသတ်သေးပါဘူး။ လက်ရှိမှာတော့ ဒီ CDM စတင်လှုံ့ဆော်သူတချို့ဟာ ခံဝန်ထိုးပြီး ငြိမ်သက်နေကြပေမဲ့ သမိုင်းဖြစ်ရပ်ဆိုးတစ်ခုကတော့ မှတ်တမ်းကျန်နေဦးမှာဖြစ်သလို ရိနဲ့နဲ့ မြန်မာကျန်းမာရေးမဏ္ဍိုင် ပြန်ခိုင်မာဖို့ကတော့ ဆယ်စုနှစ်များစွာ Plan ချပြီး အသေအချာတည်​ဆောက်ယူရတော့မှာပါ။

“မြန်မာပါဝင်တဲ့ အာဆီယံ ၁၁ နိုင်ငံရဲ့ ရေတပ်ပူးတွဲလေ့ကျင့်မှု”

​နိုင်ငံတကာဖိအားတချို့နဲ့ အာဆီယံနိုင်ငံတချို့ဖိအားတွေကြောင့် မြန်မာကို အာဆီယံကနေဆိုင်းငံ့ဖို့ တွန်းအားပေးကြတာရှိပေမဲ့ လက်ရှိမှာတော့ အာဆီယံဥက္ကဋ္ဌဖြစ်တဲ့ အင်ဒိုနီးရှားဟာ ဒီအဖြစ်ကို လက်မခံတဲ့အပြင် လာမဲ့စက်တင်ဘာမှာ မြန်မာနဲ့တီမောအပါအဝင် အာဆီယံ ၁၁ နိုင်ငံက ရေတပ်တွေ ပူးတွဲစစ်ရေးလေ့ကျင့်ဖို့ ပြင်ဆင်နေပါတယ်။

ဒါဟာ တောင်တရုတ်ပင်လယ်မှာ တရုတ်နဲ့ အာဆီယံနိုင်ငံတွေဖြစ်တဲ့ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ဘရူနိုင်းနဲ့ မလေးရှားတို့အကြား ရေပိုင်နက်အငြင်းပွားမှုမှာ အာဆီယံရဲ့ စုစည်းမှုကိုပြဖို့ဖြစ်သလို Global Fire Power မှာ မြန်မာ့ရေတပ်ဟာ ကမ္ဘာမှာ အဆင့် (၁၄) နဲ့ အာဆီယံမှာ အဆင့် (၃) မှာ ရပ်တည်နေတာကြောင့် အာဆီယံရေတပ်တွေအတွက်တော့ မြန်မာက အင်အားတစ်ရပ်ဖြစ်စေမှာမို့လို့ အင်ဒိုနီးရှားဟာ မြန်မာပါဝင်တဲ့ရေတပ်တွေစစ်ရေးလေ့ကျင့်ဖို့ဆုံးဖြတ်ခဲ့တာလည်း ဖြစ်နိုင်ပါတယ်။

အာဆီယံရဲ့ ရေတပ်တွေ စစ်ရေးလေ့ကျင့်မှုဟာ လာမဲ့ စက်တင်ဘာမှာလုပ်လာခဲ့တဲ့ဖြစ်ရပ်ကြောင့်လည်း ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာမှာ အမေရိကန်၊ တရုတ်၊ တူရကီ၊ ဗြိတိန်၊ ဂျာမနီ၊ အီတလီ စတဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေအပါအဝင် နိုင်ငံပေါင်း ၂၈ နိုင်ငံပါဝင်တဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ နိုင်ငံတကာ ရေတပ်သင်္ဘောများတွေ့ဆုံပွဲ(International Fleet Review) ကို ပြန်အမှတ်ရစရာလည်း ဖြစ်ခဲ့ပါတယ်။ အဲဒီပွဲမှာ မြန်မာ့တပ်မတော်(ရေ) ဟာ ကိုယ်တိုင်တည်ဆောက်တဲ့ ကျန်စစ်သားစစ်ရေယာဥ်နဲ့ ပါဝင်ခဲ့သလို ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ရဲ့ မဖုံးနိုင်မဖိနိုင်စိတ်ဝင်စားမှုအပြင် အမေရိကန်လိုနိုင်ငံကြီးတွေရဲ့ စစ်ရေယာဥ်တွေအရင် ချီတက်ခွင့်ရခဲ့တာကလည်း စစ်ရေးဆိုင်ရာစိတ်ဝင်စားသူတွေအကြားမှာ ဂုဏ်ယူလေ့လာစရာဖြစ်ခဲ့သေးတာပါ။

သေချာတာကတော့ အာဆီယံအပါအဝင် ကမ္ဘာ့နိုင်ငံတွေဟာ မြန်မာပြည်မှာ အနှစ် ၂၀ လောက် ဆူပူသတ်ဖြတ်နေတာထက်စာရင် လာမဲ့တစ်နှစ်လောက်အတွင်းမှာ ရွေးကောက်ပွဲပြန်လုပ်ပြီး အရပ်သားအစိုးရတက်လာ၊ တပ်မတော်က အာဏာလွှဲပြောင်းပေးဆိုတဲ့ Democracy Restored လမ်းစဥ်ကိုပဲ တွန်းအားပေးဖို့ မြန်မာ့ SAC အစိုးရကို ဖိအားပေးလိုက်၊ အပျော့ဆွဲလိုက်နဲ့ပဲ ထိတွေ့နေတယ်ဆိုတာ မြင်နေရတာပါ။ ဒီလိုအခြေအနေမျိုးမှာ အကြမ်းဖက်မှုတွေ ဆက်ထောက်ခံ အနှစ် ၂၀ လောက် သတ်ဖြတ်နေတာပဲ မြင်ချင်ပါတယ်ဆိုရင်တော့ မြန်မာ့ထိုက်နဲ့ မြန်မာ့ကံ ပြည်သူပဲ ဆက်ခံကြရမှာပါလို့ ချိန်ဆပြရင်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါရစေ။

Leave a Reply

Your email address will not be published. Required fields are marked *