ဓာတ်ပုံ -ရှမ်းပြည်နယ် မီးပုံးပျံ ပညာရှင်များအသင်း

၁၂. ၆. ၂၀၂၃
Written by Hey Mar

ယခုနှစ် ၂၀၂၃ ခုနှစ်၏ လာမည့်နိုဝင်ဘာလတွင် ကျင်းပပြုလုပ်မည့် တောင်ကြီးတန်ဆောင်တိုင်ရိုးရာ မီးပုံးပျံပွဲတော်အား ရှမ်းရိုးရာ အစဥ်အလာအတိုင်း စည်ကားစွာသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း ယခု ဇွန်လအတွင်းမှ စတင်ကာ ၅ လကြိုတင်၍ ရှမ်းပြည်နယ် ရိုးရာ မီးပုံးပျံ ပညာရှင်များအဖွဲ့မှ အသိပေးကြေညာထားသည်။

တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို ၂၀၁၉ ခုနှစ်က နောက်ဆုံးပြုလုပ်ခဲ့ပြီး ကိုဗစ်ကပ်ရောဂါ ကာလအတွင်းတွင်ရော၊ နိုင်ငံရေး ပဋိပက္ခများကြောင့်ပါ မကျင်းပနိုင်ခဲ့သည်မှာ သုံးနှစ်တာကာလ ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း သိရသည်။ “ပြည်နယ်အစိုးရကလည်း စည်စည်ကားကား သည်နှစ်ပြန်ကျင်းပမယ်ပြောတယ်။ လေးလ ပိုင်းတုန်းကလည်း တောင်ကြီးသင်္ကြန်က အထိုက်အလျောက်စည်ကားခဲ့တာကြောင့် သည်နှစ်တော့ ပြန်လုပ်ဖို့ အားခဲပြင်ဆင်ကြတာပါ´´ဟု မီးပုံးပျံပွဲတော် ဖြစ်မြောက်ရေးကောမတီ မှ ပြန်ကြားရေးတာဝန်ခံက Myanmar Transparency News သို့ ပြောသည်။

တောင်ကြီး တန်ဆောင်တိုင်မီးပုံးပျံပွဲတော်သည် မြန်မာနိုင်ငံ၏ အထင်ကရ ပွဲတော်များထဲမှ တစ်ခုအပါအဝင် ဖြစ်ပြီး အနယ်နယ် အရပ်ရပ်မှ လာရောက်ဆင်နွှဲကြသည့်အပြင် ပြည်ပဧည့်သည်များ အထူးစိတ်ဝင်တစား လာရောက်လေ့ရှိသော ပွဲတော်တစ်ခုလည်းဖြစ်သည်။ အစဥ်အလာဖြင့် ကျော်ကြားသည့် တန်ဆောင်တိုင်ပွဲတော်ရာသီတွင် ၁၂ လရာသီ ပွဲစျေးသည်များအပြင် ဒေသခံများအတွက် အလုပ်အကိုင်နှင့် ဝင်ငွေအခွင့်အလမ်းများ ဖန်တီးပေးပြီး ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းများအတွက်လည်း ခရီးစဥ် သီးသန့်ရေးဆွဲဖော်ဆောင်ရသည့် ခရီးသွားရာသီလည်းဖြစ်သည်။

“၂၀၁၉ ခုနှစ်တုန်းကတော့ ပွဲက တအားကြီးကျယ်ခဲ့တယ်။ ယှဥ်ပြိုင်လွှတ်တင်ကြတဲ့ မီးပုံးပျံအလုံးရေလည်း ရာကျော်တယ် ။ ဒီနှစ် ၂၀၂၃ ခုနှစ်ကတော့ အဲ့လောက်တော့ များပါ့မလား မဆိုနိုင်ဘူးပေါ့။  အစစအရာရာ ကုန်စျေးနှုန်းတွေက တအားကြီးနေတော့ ဝါသနာရှင်တွေအနေနဲ့ လုပ်မှ လုပ်နိုင်ပါ့မလားတော့ တွေးပူတာပေါ့။ ဒါပေမယ့် ကျွန်တော်တို့ ပွဲတော်ပြန်လုပ်ဖြစ်တာမို့ ဝါသနာရှင် ပညာရှင်တွေ ပြန်စုစည်းလိုစိတ်နဲ့ အခုလို စောပြီးကြေညာထားတာပါ´´ဟု ပွဲတော်ဖြစ်မြောက်ရေး ကော်မတီ တာဝန်ရှိသူက ဆိုသည်။

ပွဲတော်တွင် ယှဥ်ပြိုင် လွှတ်တင်မည့် မီးပုံပျံအမျိုးအစားများမှာ ညမီးကြီးမီးပုံးပျံ၊ စိန်နားပန်မီးပုံးပျံ၊ နေ့လွှတ် အရုပ် ခြေ(၂)ချောင်း ခြေ(၄)ချောင်း အရုပ်အုပ်စုများ လွှတ်တင်သွားမည်ဖြစ်ကြောင်း သိရသည်။ ပါဝင်ဆင်နွှဲလိုသည့် မီးပုံးပျံအသင်းအဖွဲ့များအနေနှင့် ရှမ်းပြည်နယ် ရိုးရာမီးပုံးပျံပညာရှင်အသင်းသို့ လာရောက် စုံစမ်းနိုင်ပါကြောင်း အသိပေးထားပြီး ယခင်ပြိုင်ပွဲများတွင် ပထမဆု ကျပ် ၁၀ သိန်း၊ ဒုတိယဆု ကျပ် ၅ သိန်း၊ တတိယဆု ကျပ် ၃ သိန်းနှင့် နှစ်သိမ့်ဆု ကျပ် ၂ သိန်း စသဖြင့် ချီးမြှင့်လေ့ရှိကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *