MT News

အကြမ်းဖက်သမားများကို နေအိမ်တိုက်ခန်းငှားသူပိုင်ရှင်များအနေဖြင့် ငှားရမ်းသည့် နေအိမ်တိုက်ခန်းများကို နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရမည့်အပြင် အကြမ်းဖက်မှုအားပေးသူအဖြစ်ပါ စတင်အရေးယူမည်ဖြစ်ကြောင်း အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ယနေ့ သတိပေးသည်။

CRPH, NUG နှင့် PDF အဖွဲ့အစည်းအမျိုးမျိုးနှင့် ပတ်သက်ဆက်နွှယ်နေသူများက လက်ရှိတွင် နိုင်ငံတဝှမ်းဖောက်ခွဲ ဖျက်ဆီးခြင်း၊ နည်းမျိုးစုံဖြင့်သတ်ဖြတ်ခြင်း၊ ပုဂ္ဂိုလ်ရေးအငြိုးထား သတ်ဖြတ်ခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိရာ ၎င်းတို့ကို အလွယ်တကူ ခြေရာခံနိုင်ခြင်းမရှိစေရန် အဆောင်များနှင့် နေအိမ်တိုက်ခန်းများ ငှားရမ်းနေထိုင်ပြီး အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိကြောင်း ဖော်ထုတ်ဖမ်းဆီးရမိသည့်ဖြစ်စဉ်များအရ တွေ့ရှိခဲ့ရသည်။

ယင်းလုပ်ဆောင်မှုများကို တားဆီးကာကွယ်နိုင်ရန်အဆောင်၊ နေအိမ်တိုက်ခန်းပိုင်ရှင်များအနေဖြင့် ငှားရမ်းသူများ၏ ကိုယ်ရေးအချက်အလက်၊ အထောက်အထား ပြည့်စုံစွာရရှိမှသာ ငှားရမ်းခြင်းနှင့် ယင်းအချက်အလက်အထောက်အထားများဖြင့် သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများသို့ ဧည့်စာရင်းတိုင်ကြားခြင်းကို ဆောင်ရွက်ရမည်ဖြစ်သည်။

အကြမ်းဖက်မှုကျူးလွန်သည့် ငှားရမ်းနေထိုင်သူများကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ အရေးယူ ဆောင်ရွက်သည့်ခါ ငှားရမ်းထားသည့် နေအိမ်တိုက်ခန်းများကို အမှုနှင့်ဆက်စပ်၍ သက်သေခံအဖြစ် သိမ်းဆည်းခံရမည်ဖြစ်ပြီး တရားရုံးတွင် စစ်ဆေးပေါ်ပေါက်ချက်အရ နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်း ခံရမည်ဖြစ်သည်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က အသိပေးထုတ်ပြန်ထားခဲ့ပြီး ဖြစ်သည်။

ထိုသို့ အသိပေးထုတ်ပြန်ခဲ့သော်လည်း နေအိမ်တိုက်ခန်းပိုင်ရှင်အချို့သည် မသိကျိုးကျွံပြု၍ဆက်လက်ငှားရမ်းပေးနေခြင်းသည် အကြမ်းဖက်မှုများကို ဆက်လက်ကျူးလွန်နိုင်အောင် အားပေးကူညီရာရောက်သကဲ့သို့ဖြစ်စေခဲ့သည်။ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတွင် အကြမ်းဖက်သမားများနှင့် အကြမ်းဖက်အုပ်စုများကို အဆောက်အအုံနှင့် နေရာတစ်ခုခု အသုံးပြုခွင့်၊ ယာယီတည်းခို နေထိုင်ခွင့်ပြုသူများသည် အကြမ်းဖက်သမားများနည်းတူ အကြမ်းဖက်မှုကို ကျူးလွန်ရာရောက် ကြောင်း ပြဋ္ဌာန်းထားသည်။

သို့ဖြစ်ပါ၍ ဖြစ်စဉ်ပေါ်ပေါက်သည့်အခါတွင် နေအိမ်တိုက်ခန်းပိုင်ရှင်များအနေဖြင့် စနစ်တကျစိစစ်၍ငှားရမ်းခြင်း၊ ဧည့်စာရင်းတိုင်ကြားထားခြင်းမရှိကြောင်း တွေ့ရှိရပါက အဆိုပါငှားရမ်းထားသည့် နေအိမ်တိုက်ခန်းများကို သက်သေခံအဖြစ် သိမ်းဆည်းခံရမည်ဖြစ်ပြီး တရားရုံးတွင် စစ်ဆေး ပေါ်ပေါက်ချက်အရ နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရမည်ဖြစ်သည့်အပြင် အကြမ်းဖက်မှုအား အားပေးကူညီသူအဖြစ် အရေးယူခံရနိုင်ကြောင်း ထပ်မံအသိပေးသတင်း ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *