April 29, 2024

၁၁. ၆. ၂၀၂၃
Written by Phyo Wei

ကမ္ဘာ့‌ရွှေဈေးနဲ့ ဒေါ်လာဈေး မြင့်တက်မှုကြောင့် ပြည်တွင်း‌ရွှေဈေး ကျပ် ၃၁ သိန်းနီးပါး ပြန်လည်မြင့်တက်လာတဲ့ ဒီရက်သတ္တပတ်မှာ ရွှေစျေးဆွဲတင်ချင်သူတွေကို ကြပ်မတ်စစ်ဆေးတာတွေ ဆက်လုပ်တဲ့ ဖြစ်စဉ်အချို့ရှိခဲ့ပါတယ်။ အရင်တုန်းကလည်း စျေးကစားသူတွေဟာ စစ်ဆေးဖမ်းဆီး ခံဝန်ထိုးရမှုတွေ ရှိနေတာကြောင့် ရွှေစျေးဟာ ဖြစ်သင့်တဲ့နှုန်းထားနားလောက်ပဲ ဆက်ရှိနေပြီး ရွှေစျေး၊ ဒေါ်လာစျေး ကမောက်ကမဖြစ်အောင်လုပ် တိုင်းပြည်စီးပွားရေးပျက်ပြီး ပြည်သူ့အသံဆူဆူညံညံထွက်စေချင်သူတွေ ဆွဲတင်နေသလို သိန်း ၄၀၊ ၅၀ နား မရောက်သွားရတာလို့ တွက်ဆရပြီး ဒီလိုဆက်ထိန်းထားတာ နိုင်ငံ့အတွက် အကောင်းဆုံးအဖြေပါလို့ ပြောရမဲ့ ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်အဖြစ်တော့ ဖွံ့ဖြိုးလာမဲ့ မြန်မာ့ အိမ်ခြံမြေအကြောင်း၊ အွန်လိုင်းထီ စတင်လိုက်တဲ့ အကြောင်းနဲ့ NUG နဲ့ PDF တွေက တရုတ်စီမံကိန်းတွေ ပစ်မှတ်ထားလာချိန်မှာ SAC နဲ့ ပိုမိုနီးကပ်လာတဲ့ တရုတ်နိုင်ငံအကြောင်းတို့ကို တင်ပြချင်ပါတယ်။

“ဖွံ့ဖြိုးလာမဲ့ အိမ်ခြံမြေ”

လူနေမှုအဆင့်တန်းမြင့်တက်လာတာနဲ့ မြို့ပြဖွံ့ဖြိုးတိုးတက်မှုတွေကြောင့် မြန်မာနိုင်ငံမှာ လူနေအိမ်ယာတည်ဆောက်မှုလုပ်ငန်းဟာ ၂၀၂၃ ခုနှစ်ကနေ ၂၀၂၇ ခုနှစ်အတွင်း လက်ရှိထက် ပိုမိုဖွံ့ဖြိုးတိုးတက်လာမယ်လို့ အမေရိကန်နိုင်ငံ အီလီနွိုက်ပြည်နယ်အခြေစိုက် ဈေးကွက်သုတေသနနဲ့ကမ္ဘာတဝှမ်းက နိုင်ငံပေါင်း ၅၀ ကျော်မှာရှိတဲ့ ကုမ္ပဏီတွေအတွက် အကြံပေးလုပ်ငန်း လုပ်ကိုင်နေတဲ့ Technavio အဖွဲ့က သတင်းထုတ်ပြန်လိုက်ပါတယ်။

Technavio အဖွဲ့ဟာ ၂၀၂၃ ခုနှစ်ကနေ ၂၀၂၇ ခုနှစ်အတွင်းဖြစ်လာနိုင်ဖွယ်ရှိတဲ့ မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေ ဈေးကွက်ခန့်မှန်းချက် ထုတ်ပြန်ခဲ့ရာမှာ မြန်မာ့ဆောက်လုပ်ရေးလုပ်ငန်း ဈေးကွက်အရွယ်အစားဟာ အမေရိကန်ဒေါ်လာ ၁၈၁ ဒသမ ၃ သန်းအထိ မြင့်တက်လာဖွယ်ရှိနေတယ်လို့ သုံးသပ်ထားပါတယ်။

ပြည်တွင်းမှာ နေရာအနှံ့ တိုက်ပွဲတွေဖြစ်နေတာ၊ လုံခြုံမှုနည်းပါးတဲ့ တောရွာတွေ၊ မြို့ငယ်တွေမှာ ကြွယ်၀သူတွေကို လုယက်သတ်ဖြတ်ပြီး လူစိတ်ဝင်စားမှုလျော့ကျသွားအောင် သူလျှို၊ ဒလန်မို့လို့ သတ်ပြီး ပစ္စည်းသိမ်းတာပါဆိုတဲ့ အကြမ်းဖက်လုယက်မှုတွေ၊ ပြန်ပေးဆွဲ ငွေတောင်းခံမှုတွေ အများအပြားဖြစ်လာချိန်မှာ တောနေမြို့သိမ်က ကြွယ်၀သူတွေဟာ လုံခြုံတဲ့ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးတွေဘက်မှာ အိမ်ခြံမြေတွေ ဝယ်ယူပြောင်းရွှေ့နေထိုင်လာကြတာဟာလည်း အိမ်ခြံမြေတွေ တန်ဖိုးတက်ရတဲ့ အချက်တစ်ခုပါ။ ဒါ့အပြင် ရွှေနဲ့ ဒေါ်လာလို ထိန်းကွပ်မှုမရှိတာကြောင့်လည်း အရင်တုန်းက သိန်း ၅၀၀၀ လောက်ခြံဟာ အခုဆို သိန်း ၁၅၀၀၀၊ ၂၀၀၀၀ လောက် စျေးခေါ်လာပါတယ်။ အရင်တုန်းက သိန်း ၃၀၀၊ ၄၀၀ ပတ်ခြာလည်ဟာ အခုဆို ၅၀၀ နဲ့ ၈၀၀ ကြားပါ။ ဒါပေမဲ့လည်း ပြည်သူ့လက်ထဲမှာ ငွေမရှိတော့ ပိုက်ဘောမိနေတဲ့သူတွေ စျေးအမြင့်ခေါ်နေပေမဲ့ အရောင်းအဝယ်အခြေအနေက အေးစက်နေဆဲဖြစ်သလို လာမဲ့နှစ်အနည်းငယ်မှာ နယ်မြေတွေ ပြန်ငြိမ်းချမ်းရင် စျေးပြန်ကျမဲ့ အခြေအနေလည်း ရှိနေတာပါ။ အခုကို စျေးတွေ ဆွဲတင်နေပေမဲ့ တကယ်တမ်း အဝယ်မလိုက်လို့ ပိုက်ဘောမိနေသူလည်း အများကြီးပါ။

“အွန်လိုင်းထီ စတင်မှု”

၂၀၂၁ နွေဦးဖြစ်စဉ်အပြီးမှာ ထီဆိုင်တွေ ဗုံးခွဲခံခဲ့ရသလို ထီဆိုင်ကြီးတချို့ဟာလည်း ခြိမ်းခြောက်ခံရမှုကြောင့် ရောင်းချမှုရပ်တန့်သွားချိန်မှာ ထီဆုတွေကလည်း အမြင့်ဆုံး ကျပ်သိန်း ၁၅၀၀၀ ကနေ ကျပ်သိန်း ၅၀၀၀ အထိ လျော့ကျသွားခဲ့ပါတယ်။ အခုနောက်ပိုင်းမှာလည်း မြန်မာ့ထီကို ထိုးတာထက် အများစုဟာ ထိုင်းထီ၊ စင်ကာပူထီတွေကို အဓိက ထိုးလာကြပြီး မြန်မာ့ထီဆိုင်တွေကလည်း ထိုးချင်ရင်တောင် ရှာရခက်တဲ့အခြေအနေဖြစ်ခဲ့တာပါ။ ဒါတွေကြောင့် ၂၀၂၁ နှစ်ကုန်ပိုင်းကစ အွန်လိုင်းက ထီရောင်းချဖို့ ကြိုးစားခဲ့မှုဟာ ဒီလ ဇွန် ၈ ရက်မှာတော့ အသက်ဝင်လာခဲ့ပြီဖြစ်ပါတယ်။

စနစ်တစ်ခုဟာ စတင်ဖို့ ခက်ပေမဲ့ စတင်နိုင်လို့ အောင်မြင်ပြီဆိုတာနဲ့ ဒီလို ဝန်ကြီးဌာနတွေဟာ ဘယ်အစိုးရတက်တက် ဆက်ပြီး လုပ်နေကြမှာပါ။ လက်ရှိအချိန်မှာ ထီဟာ အက္ခရာ ၁၂ လုံးရောင်းချနေတာဖြစ်ပြီး စာရွက်ထီမှာ “က ကနေ စ” အထိ၊ အွန်လိုင်းထီမှာ “ဆ ကနေ ဌ” အထိပါ။ စာရွက်ထီနဲ့ အွန်လိုင်းထီနှစ်ခုပေါင်းပြီး တစ်ကြိမ်တည်းထီဖွင့်မှာဖြစ်လို့ ဒီဆုတွေဟာ အရင်လိုပဲ ကံထူးသူပေါက်နေမှာပါ။ လက်ရှိအခြေအနေမှာ အွန်လိုင်းထီဟာ ငွေပေးချေရမှု လွယ်ကူမြန်ဆန်တာ၊ အက္ခရာတွေ စိတ်ကြိုက်ရွေးနိုင်လို့ ဗေဒင်၊ ယတြာ၊ အိပ်မက်ဂဏန်းသမားသမားတွေ အကြိုက်တွေ့နေတာ၊ အချိန်မရွေးထိုးနိုင်တာကြောင့် တော်တော်များများအကြိုက်တွေ့နေတဲ့ အခြေအနေပါ။ ဟိုးအရင်အချိန်တွေတုန်းက အိပ်မက်အရ ဂဏန်းရှာထိုးချင်လို့ ထီဆိုင်ပေါင်းများစွာရှာတာတောင် ကိုယ်လိုချင်တဲ့ဂဏန်းရှာမရသူတွေဟာ အခုဆို အိပ်မက်ရတာနဲ့ App ကိုဖွင့် ဂဏန်းလေးတွေရိုက်ထည့်ပြီး ထိုးနိုင်တဲ့အဆင့်မျိုးဖြစ်လာတာ ကောင်းမွန်တဲ့လုပ်ဆောင်ချက်လို့ ဆိုရမှာပါ။ တစ်ဖက်မှာလည်း အစိုးရဖြန့်စျေး ၁၀၀၀ နဲ့ ထိုးနိုင်တာကြောင့် လက်ရှိမှာ တစ်စောင်ကို ၁၃၀၀ ရောင်းနေတဲ့သူတွေ ညည်းတွားနေပေမဲ့လည်း အွန်လိုင်းထီ မထိုးတတ်သူတွေဟာ စာရွက်ထီကိုပဲ အားပြုထိုးနေဦးမှာဖြစ်လို့ ဒီအွန်လိုင်းထီစနစ်ကို ပိုကောင်းအောင် မွမ်းမံဖို့နဲ့ ရပ်မပစ်ဖို့ဘဲ အကြံပြုရမှာပါ။

“NUG နဲ့ PDF တွေက တရုတ်စီမံကိန်းတွေ ပစ်မှတ်ထားလာချိန်မှာ SAC နဲ့ ပိုမိုနီးကပ်လာတဲ့ တရုတ်”

ပြီးခဲ့တဲ့ လပိုင်းအတွင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးလာအပြီးမှာ တရုတ်ပိုက်လိုင်းစီမံကိန်းတွေအပါအဝင် တရုတ်လုပ်ငန်းအများစု ရှိတဲ့နေရာတွေမှာ NUG နဲ့ PDF တွေက ဦးတည်တိုက်ခိုက်ဗုံးခွဲတာတွေ အကြိမ်ပေါင်းများစွာ လုပ်ခဲ့ပါတယ်။ ဒါကလည်း နွေဦးတော်လှန်ရေးစကတည်းက NLD ထောက်ခံသူတွေဟာ တရုတ်လုပ်ငန်းတွေ ပစ်မှတ်ထား မီးရှို့လာတာကြောင့် ဒီနေ့ ဒီအချိန်အထိကို စက်ရုံတွေအများအပြားရှိရာ စက်မှုဇုန်တွေမှာ “ဤစက်ရုံ/ အဆောက်အအုံသည် မြန်မာနိုင်ငံသားပိုင်ဆိုင်သော အဆောက်အအုံဖြစ်ပါသည်”ဆိုတဲ့ စာတွေ ကပ်ထားနေတဲ့ အခြေအနေမျိုး၊ တရုတ်ကိုလက်မခံနဲ့ဆိုတဲ့ မူနဲ့ NUG နဲ့ ထောက်ခံသူတွေက လှုံ့ဆော်လာတဲ့အခြေအနေမျိုးမှာ တရုတ်နိုင်ငံဟာ အချုပ်အခြာအာဏာနဲ့ နယ်မြေစိုးမိုးမှုကို ဆုပ်ကိုင်ထားနိုင်တဲ့ SAC အစိုးရနဲ့ ပိုပိုနီးစပ်လာတာကို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍစုံမှာ ပြန်တွေ့လာရပါတယ်။

ဒီလို နီးစပ်လာမှုတွေမှာဆိုရင် NLD အစိုးရဟောင်း သဘောတူခဲ့တဲ့ စီမံကိန်း ၃၃ ခုထဲက ရန်ကုန်မြို့သစ်လိုစီမံကိန်းတွေ၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန်စီမံကိန်းတွေဟာ အမြန် ပြန်စဖို့ ဖြစ်လာနေသလို ပြီးခဲ့တဲ့ ရက်ပိုင်းမှာလည်း မြန်မာနဲ့ တရုတ် သံတမန်ဆက်ဆံရေး (၇၃) နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် စီးပွားရေး၊ ပညာရေး၊ အားကစားနဲ့ ကျန်းမာရေးဆိုင်ရာ သဘောတူညီချက်လေးခု လက်မှတ်ရေးထိုးခဲ့ပါသေးတယ်။ ဒီလိုမျိုးအခြေအနေတွေအပြင် ပြီးခဲ့တဲ့ရက်ပိုင်းမှာလည်း တရုတ်ရဲ့ဦးဆောင်မှုနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေလုပ်ဆောင်လာပြီး ပေါ်ပေါ်ထင်ထင်နီးနီးစပ်စပ် တွေ့လာနေရပါတယ်။ ဒီအခြေအနေနှစ်ရပ်ဖြစ်စဥ်ဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံလာအပြီးမှာဖြစ်လာတာကြောင့် အရင်ကတည်းက NUG ကို အသိအမှတ်မပြုတဲ့ တရုတ်ဟာ နစကရဲ့ ရွေးကောက်ပွဲပြန်လည်ကျင်းပပြီး အနိုင်ရသူကို အာဏာလွှဲအပ်ပေးမဲ့လမ်းကြောင်းမှာ အစိုးရအဆက်ဆက်သဘောတူခဲ့တဲ့ စီမံကိန်းတွေ ဆက်လုပ်သွားဖို့များ ပြင်ဆင်ထားသလား ယူဆစရာပါ တင်ပြရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News