၁၂. ၆. ၂၀၂၃
Written by Nay Aung

ပြီးခဲ့သော မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သော မိုခါမုန်တိုင်းကြောင့်  မြန်မာနိုင်ငံရှိအခြေခံအဆောက်အဦများသည် အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၅ ဘီလျံဖိုးခန့်ပျက်စီး ဆုံးရှုံးခဲ့ရကြောင်း အာဆီယံ၏သဘာဝဘေး စီမံခန့်ခွဲရေးနှင့် လူသားချင်းဆိုင်ရာစာနာမှုအကူညီပေးရေးအဖွဲ့ဖြစ်သော AHA Centre  အဖွဲ့က ဇွန်လ ၁၀ရက်နေ့တွင် သတင်းထုတ်ပြန်လိုက်သည်။

မိုခါမုန်တိုင်း တိုက်ခတ်ခဲ့ပြီးနောက် အာဆီယံ၏သဘာဝဘေးအန္တရာယ် စောင့်ကြည့် တုံ့ပြန်ရေးအဖွဲ့ (DMRS)အဖွဲ့သည် မြန်မာနိုင်ငံ၏ ပျက်စီးဆုံးရှုံးမှု အပါအဝင် လိုအပ်ချက်များကို ဆန်းစစ်အကဲဖြတ်ခဲ့ပြီးနောက် ပျက်စီးဆုံးရှုံးမှုအခြေနေများကို AHA Centre အဖွဲ့ကသတင်းထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

မိုခါမုန်တိုင်း တိုက်ခတ်ခြင်းကြောင့် မုန်တိုင်းလမ်းကြောင်းတစ်လျှောက်တွင်ရှိနေသော လူများအပါအဝင် လူပေါင်း ၂ ဒသမ ၉၂ သန်း မုန်တိုင်းဒဏ်ခံရခဲ့သလို အိမ်ခြေအဆောက်အဦပေါင်း ၆၆၅၀၀၀ ခန့် ထိခိုက်ပျက်စီးခဲ့ရကြောင်း AHA Centreအဖွဲ့ကပြောသည်။

မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အပါအဝင် မုန်တိုင်းထိခိုက်ရာဒေသများတွင် လျှပ်စစ်မီး၊ ဆက်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေးကိစ္စများကို အကန့်အသတ်ဖြင့်သာ ရရှိနေဆဲဖြစ်ကြောင်း AHA Centre အဖွဲ့က ဖော်ပြထားသည်။ မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်တွင် တစ်ရက်ကို ရေလီတာပေါင်း ၂ ဒသမ ၁၉ သန်း လိုအပ်နေအပ်သလို တစ်ရက်ကို ကယ်လိုရီ ၁ ဒသမ ၅၃ ဘီလျံခန့် လိုအပ်နေကြောင်း AHA Centre က ဆိုသည်။

AHA Centre သည် မြန်မာနိုင်ငံရှိ မိုခါမုန်တိုင်းဒဏ်ခံရသူများကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများ ကူညီပံ့ပိုးပေးလျက်ရှိနေရာ ပြီးခဲ့သောလက လူသားချင်းဆိုင်ရာစာနာမှုအကူအညီများကို ပထမအသုတ်ပေးပို့ကူညီခဲ့သလို လာမည့်ရက်ပိုင်းတွင် လူသားချင်းဆိုင်ရာစာနာမှုအကူအညီများကို ဒုတိယအသုတ်အဖြစ် ထပ်မံပေးပို့ကူညီသွားမည်ဖြစ်ကြောင်း သိရသည်။

မိုခါမုန်တိုင်းကြောင့် မြန်မာနိုင်ငံရှိမြို့များအနက် ရခိုင်ပြည်နယ်သည် ထိခိုက်ပျက်စီးမှုကို အများဆုံးတွေ့ကြုံခဲ့ရသော ပြည်နယ်ဖြစ်ပြီး ရခိုင်ပြည်နယ်ရှိမြို့နယ်တိုင်း မုန်တိုင်းဒဏ်ကို ခံခဲ့ရကာ စစ်တွေမြို့က ထိခိုက်ပျက်စီးမှုအများဆုံးဖြစ်ခဲ့ကြောင်း သိရသည်။ မုန်တိုင်းဒဏ်ခံရသော ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးအတွက် AHA Centre  အပါအဝင် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ဒေသခံအဖွဲ့စည်းများက မြေပြင်တွင် ကွင်းဆင်းကူညီပေးနေကြောင်း သိရသည်။

Ref—relief

Leave a Reply

Your email address will not be published. Required fields are marked *