ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်း ကျန်းမာရေးနှင့်ပတ်သက်သောလုပ်ငန်း လုပ်ကိုင်သူ ၂၇ ဦး သတ်ဖြတ်ခံထားရ

၁၁. ၆. ၂၀၂၃
Written by Nay Aung

မြန်မာနိုင်ငံသည် ကမ္ဘာတဝှမ်းရှိ နိုင်ငံများအနက် ကျန်းမာရေးနှင့်ပတ်သက်သော လုပ်ငန်းများ လုပ်ကိုင်နေသူများ အကြမ်းဖက်တိုက်ခိုက်ခံရမှုအများဆုံး နိုင်ငံများထဲတွင်ပါဝင်လျက်ရှိနေကြောင်း Safeguarding Health in Conflict Coalition (SHCC) အဖွဲ့ထုတ်ပြန်ချက်များအရ သိရသည်။

ကမ္ဘာနိုင်ငံများရှိ ကျန်းမာရေးလုပ်ငန်းများလုပ်ကိုင်နေသူများတိုက်ခိုက်၊ဖမ်းဆီးခံရမှုအခြေနေများကိုလေ့လာစောင့်ကြည့်နေသော(SHCC) အဖွဲ့သည် ပြီးခဲ့သောရက်ပိုင်းတွင် ၂၀၂၂ ခုနှစ်အတွင်း ကမ္ဘာတဝှမ်းရှိ နိုင်ငံများအနက် ကျန်းမာရေးနှင့်ပတ်သက်သောလုပ်ငန်းများ လုပ်ကိုင်နေသူများ တိုက်ခိုက်ခံရမှု၊ ဖမ်းဆီးခံရမှု အခြေအနေများကိုဖော်ပြသော ထုတ်ပြန်ချက်ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သော ၂၀၂၂ခုနှစ်အတွင်းကျန်းမာရေးလုပ်ငန်းများလုပ်ကိုင်နေသူများ တားဆီးခံရမှု သို့မဟုတ် တိုက်ခိုက်ခံရသော အဖြစ်ပျက်ပေါင်း ၂၇၁ ခုဖြစ်ပွားခဲ့ပြီး ၂၀၂၁ ခုနှစ်နှင့် နှိုင်းယှဉ်လျှင်များစွာကျဆင်းခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်က မြန်မာနိုင်ငံတွင်ကျန်းမာရေးလုပ်ငန်းများ လုပ်ကိုင်နေသူများ တားဆီးခံရမှု သို့မဟုတ် တိုက်ခိုက်ခံရသော အဖြစ်ပျက်ပေါင်း ၄၇၄ ခု ဖြစ်ပွားခဲ့ကြောင်း SHCC အဖွဲ့က ဖော်ပြထားသည်။

ထို့အပြင် ၂၀၂၂ ခုနှစ်အတွင်း ကျန်းမာရေး လုပ်ငန်းများလုပ်ကိုင်နေသူဦးရေ  ၁၁၂ ဦးဖမ်းဆီးခံရပြီး အနည်းဆုံး ၂၇ ဦး အသတ်ခံခဲ့ရကြောင်း၊ ကုသရန်လိုအပ်နေသော လူနာများကို ထိရောက်စွာ ကုသကူညီပေးနိုင်ရန်အတွက်ကျန်းမာရေး လုပ်ငန်းများတွင် လုပ်ကိုင်နေသူများ ဘေးကင်းလုံခြုံမှုများရှိရန်လိုအပ်နေကြောင်း SHCC အဖွဲ့၏ ဖော်ပြချက်အရ သိရသည်။

ဖမ်းဆီးခံရသူများတွင် အရေးပေါ်ကားမောင်းသူများ၊ ဆရာဝန်များ၊ သူနာပြုများ၊ ဓာတ်မှန်ပညာရှင်များနှင့် ကျန်းမာရေးလုပ်ငန်းများတွင် ပါဝင်လုပ်အားပေးနေသူများ ပါဝင်ကြောင်း၊ ၂၀၂၂ ခုနှစ်တွင် ကျန်းမာရေးလုပ်ငန်းများ လုပ်ကိုင်နေသူများ ဖမ်းဆီးခံရသောအရေအတွက်သည် ပြီးခဲ့သော ၂၀၂၁ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် များစွာလျော့ကျခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်က  ကျန်းမာရေး လုပ်ငန်းများလုပ်ကိုင်နေသူဦးရေ ၆၇၉ ဦးဖမ်းဆီးခံခဲ့ရကြောင်း SHCC အဖွဲ့က ဖော်ပြထားသည်။

၂၀၂၂ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ကျန်းမာရေးအဆောက်အဦပေါင်း  ၄၆ ခု ထိခိုက်ပျက်စီးခံခဲ့ရသလိုကျန်းမာရေးအဆောက်အဦပေါင်း ၃၂ ခုနှစ် စီးနင်းခံရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ၂၀၂၁ခုနှစ်က အာဏာထိန်းသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း မြန်မာလုံခြုံရေးတပ်ဖွဲ့များနှင့် လက်နက်ကိုင်အဖွဲ့များကြား တိုက်ပွဲများဖြစ်ပွားလျက်ရှိနေရာ ကျန်းမာရေး လုပ်ငန်းနှင့် ဆက်နွယ်နေသူများ ကျန်းမာရေး အဆောက်အဦများတိုက်ခိုက်ခံနေရခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော တိုက်ခိုက်မှုများကြောင့် ကျန်းမာရေးနှင့်ပတ်သက်သောလုပ်ငန်းများ လုပ်ကိုင်နေသူများ၊ လူသားချင်းဆိုင်ရာစာနာမှုအကူညီပေးနေသူများ၊ LNGOs အဖွဲ့များသည် ပဋိပက္ခခံဒေသများရှိ လူနာများ၊ အကူအညီလိုအပ်နေသောသူများထံ အကူအညီပေးရန် အခက်ခဲများ ဖြစ်လာရကြောင်း သိရသည်။ ကရင်ပြည်နယ်၊ ကယားနှင့် စစ်ကိုင်းဒေသကြီးတို့သည် မြန်မာနိုင်ငံရှိမြို့များအနက် ကျန်းမာရေးအဆောက်အဦများ၊ ကျန်းမာရေးနှင့်ပတ်သက်သောသူများ တိုက်ခိုက်ခံရမှုအများဆုံးဒေသများဖြစ်နေကြောင်း SHCC အဖွဲ့က ဖော်ပြထားသည်။

Ref—SHCC

Leave a Reply

Your email address will not be published. Required fields are marked *