၄. ၆. ၂၀၂၃
Written by Phyo Wei

ပြန်ပေးဆွဲမှုတွေ၊ အွန်လိုင်းလိမ်လည်မှုတွေနဲ့ ရာဇဝတ်မှူကျူးလွန်တယ်လို့ နာမည်ပျက်နေတဲ့ ကရင်ပြည်နယ် ရွှေကုက္ကိုလ်က တရုတ်စီးပွားရေးလုပ်ငန်းတွေကို လျှပ်စစ်မီးပေးဝေတာ ထပ်မလုပ်ဖို့ ထိုင်းအစိုးရကို မြန်မာအာဏာပိုင်တွေ တောင်းဆိုခဲ့မှုမှာတော့ ထိုင်းအစိုးဘက်က ရွှေကုက္ကိုလ်တင်မက လက်နက်ကိုင် KNU ထိန်းချုပ်ထားတဲ့ လေးကေ့ကော်ကိုပါ လျှပ်စစ်မီးဖြတ်တောက်တော့မဲ့ ဒီရက်သတ္တပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်အဖြစ်တော့ တရားမဝင်လိုင်စင်မဲ့ကားတွေ တစ်နိုင်ငံလုံးမှာ စပြီး ဖမ်းဆီးတဲ့အခြေအနေ၊ မြန်မာ့မီးရထားလမ်းစီမံကိန်းတွေအတွက် ဂျပန်က ဖွံ့ဖြိုးရေးချေးငွေ ပြန်ရုတ်သိမ်းတဲ့အကြောင်းနဲ့ မိုခါမုန်တိုင်းဒဏ်ခံရတဲ့ ဒေသတွေမှာ သီးနှံတွေ အချိန်မီ ပြန်မစိုက်နိုင်ရင် မြန်မာနိုင်ငံအနေနဲ့ စားနပ်ရိက္ခာအခက်အခဲတွေ ရင်ဆိုင်ရနိုင်တယ်လို့ ကုလသမဂ္ဂက သတိပေးလိုက်တဲ့ အကြောင်းတွေကို တင်ပြချင်ပါတယ်။

“တစ်နိုင်ငံလုံးလိုက်ဖမ်းတဲ့ လိုင်စင်မဲ့ကား”

ဦးသိန်းစိန်လက်ထက်မှာ သိန်း ၁၀၀ ပတ်ခြာလည်ကားတွေဟာ NLD အစိုးရဟောင်းလက်ထက်မှာတော့ သိန်း ၂၀၀ ပတ်ခြာလည်တွေဖြစ်ကုန်ပြီး လက်ရှိအချိန်မှာတော့ အဲဒီကားတွေက သိန်း ၄၀၀ ပတ်ခြာလည်အထိ စျေးတွေ မြင့်တက်နေပါပြီ။ တစ်ဖက်မှာ EV တစ်ခေတ်ဆန်းဖို့ လုပ်ဆောင်လာပေမဲ့လည်း အခွန်အခ​တွေ ကင်းလွတ်ခွင့်ရနေတာတောင် စျေးနှုန်းတွေက အဆမတန်တင်ပြီး ရိုက်ထားလို့ အခြားနိုင်ငံတွေမှာ ဒေါ်လာ ၆၀၀၀ လောက် ပေါက်စျေးရှိတဲ့ကားတွေကတောင် မတန်တဆ သိန်း ၃၀၀ လောက်ဖြစ်နေတာပါ။ ဒါကြောင့်မို့ အများစုကတော့ ကျပ်သိန်း ၄၀ လောက်ရှိရုံနဲ့ စပြီးစီးနိုင်တဲ့ လိုင်စင်မဲ့ကားတွေ စီးကြသလို တချို့ကလည်း ပွားပြီး စီးကြပါတယ်။ ဒီလိုမျိုး မတန်တဆမြင့်တက်နေတဲ့​ စျေးတွေကြောင့် လိုင်စင်မဲ့ကားတွေ စီးလာသူများလာတဲ့အခြားတစ်ဖက်မှာ ဒီလိုင်စင်မဲ့ကားတွေ စီးနင်းပြီး ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်လာပါသေးတယ်။

လက်ရှိအခြေအနေမှာတော့ ဒီလိုမျိုး လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးနိုင်ဖို့အတွက် ဇွန်လ ၁ ရက်ကစပြီး ပူးပေါင်းအဖွဲ့တွေနဲ့ စစ်ဆေးနေသလို လိုင်စင်မဲ့မော်တော်ယာဥ်ကို ဖမ်းမိရင် ပြည့်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရမဲ့အပြင် လက်ဝယ်ထားရှိအသုံးပြုသူကို ပို့ကုန်/သွင်းကုန်ဥပဒေပုဒ်မ (၈) နဲ့ အရေးယူပြီး သုံးနှစ်ထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံရမှာဖြစ်ပါတယ်။ ဒီလိုမျိုး အခြေအနေမှာ လိုင်စင်မဲ့ကားတွေစီးသူတွေက ဒီလိုင်စင်မဲ့ကားတွေကို ထုတ်မစီးကြတော့သလို လိုင်စင်မဲ့ကားအများစုအသုံးပြုစီးနင်းကြတဲ့ နယ်စပ်မြို့တွေမှာ လမ်းပေါ်တင် ကားမရှိသလောက်ဖြစ်သွားရတဲ့ အခြေအနေပါ။

အမှန်တကယ်ဆိုရင် ပြည်သူလူထုဟာ သိန်း ၁၀၀ လောက်နဲ့ ကားစီးနိုင်အောင် လုပ်ပေးခဲ့တဲ့ အစိုးရတစ်ရပ်လက်ထက်မှာ ပျော်ဖူးခဲ့ကြပြီမို့လို့ သိန်း ၄၀၀ လောက်ပေးမှ ကားစီးနိုင်တဲ့အ​ခြေအနေကို မနှစ်မြို့ကြပါဘူး။ တစ်ဖက်မှာလည်း ဒီလိုင်စင်မဲ့ကားတွေဟာ တစ်နိုင်ငံလုံးမှာ လိုင်စင်ရှိတဲ့ကားအရေအတွက်ထက်တောင် ပိုများနေနိုင်တာမို့လို့ ဒီလိုင်စင်မဲ့ကားတွေကနေ မှောင်ခိုသွင်းတာက နိုင်ငံခြားငွေစီးထွက်မှုမှာ မြန်မာနိုင်ငံကို ပိုနစ်နာစေတာ ချိန်ဆရပါလိမ့်မယ်။ ဒါ့အပြင် ဒီလိုင်စင်မဲ့ကားတွေကြောင့် နိုင်ငံတော်က အခွန်မရ၊ အခမရ၊ တိုက်ပြေးကြရင်လည်း ဘယ်လိုလိုက်ဖမ်းလို့မရတဲ့ အခြေအနေမျိုးမှာ ဒီလိုင်စင်မဲ့ကားတွေ ဖမ်းဆီးတာတစ်ခုနဲ့ အဖြေမရနိုင်တာကြောင့် လိုင်စင်မဲ့ကားတွေ လိုင်စင်ပေး၊ မပေး၊ လူတစ်စုကောင်းစားဖို့ အဆမတန်မြင့်တက်နေတဲ့ ကားစျေးတွေ ထိန်းချုပ်၊ မချုပ်နဲ့ အမြတ်ကြီးစားနေတဲ့ EV ကားတွေ သင့်တင့်မျှတတဲ့ စျေးဖြစ်ဖို့တွေပါ အသေးစိတ်သုံးသပ် အဖြေထုတ်သင့်ချိန်လို့ အကြံပြုရမှာပါ။

“မြန်မာ့မီးရထား ODA ပြန်ရုတ်သိမ်းတဲ့ ဂျပန်”

ရခိုင်ပြည်နယ်တစ်ခုလုံး မိုခါကြောင့် ဒုက္ခကြုံနေချိန်မှာ လုံး၀မကူညီတာကြောင့် အင်ဒိုနီးရှားသမ္မတက​တောင် မိုခါအရေးမှာ ဂျပန်ဝင်ပါ ကူညီပေးဖို့ တောင်းဆိုခဲ့ပေမဲ့ လုံး၀မကူညီပေးခဲ့တဲ့ ဂျပန်နိုင်ငံဟာ လက်ရှိအချိန်မှာတော့ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း ဂျပန်နဲ့ မြန်မာ ပူးပေါင်းဆောင်ရွက်မှု ပြယုဂ်လို့ မှတ်ယူနိုင်တဲ့ မြန်မာ့မီးရထားလမ်းစီမံကိန်းအတွက် ခွင့်ပြုပေးထားတဲ့  ဖွံ့ဖြိုးတိုးတက်ရေးကူညီထောက်ပံ့မှု ODA (Official development Assistance )ကို ပြန်ရုတ်သိမ်းလိုက်ပါပြီ။

ဂျပန်နိုင်ငံဟာ မန္တလေးမြို့နဲ့ ရန်ကုန်မြို့ကြား ချိတ်ဆက်မဲ့ အရှည် ၆၂၀ ကီလိုမီတာရှိတဲ့ မီးရထားလမ်းအဆင့်မြင့်တင်ရေးစီမံကိန်းမှာ ပါဝင်ကူညီပေးခဲ့ပြီး ဒီ စီမံကိန်းအတွက် မြန်မာအစိုးရကို အမေရိကန်ဒေါ်လာ ၁ ဘီလျံအတိုးနဲ့ ချေးပေးဖို့ ၂၀၂၀ မှာ သဘောတူညီခဲ့ပါတယ်။ မီးရထားလမ်းစီမံကိန်းပြီးစီးမဲ့ ၂၀၂၄ ခုနှစ်အထိ စီမံကိန်းနဲ့ပတ်သက်ပြီး ငွေကြေး ကူညီထောက်ပံ့ပေးဖို့ အဆင့်သင့်ရှိနေခဲ့ပေမဲ့ ၂၀၂၂ နိုဝင်ဘာမှာတော့ ဒီစီမံကိန်းကို ပြုပြင်ပြောင်းလဲဖို့ ကြိုးစားခဲ့သလို ဖျက်သိမ်းဖို့အထိပါ လုပ်ဆောင်လာခဲ့တဲ့ ဂျပန်အစိုးရက “မြန်မာနိုင်ငံကို အတိုးနဲ့ငွေကြေးတွေ ထပ်မံချေးဖို့ စဉ်းစားရတာတွေ ခက်ခဲ့ပါတယ်။ အမေရိကန်ဒေါ်လာနဲ့ နှိုင်းယှဉ်ရင် ဂျပန်ယန်းငွေ တန်ဖိုးကျဆင်းတာ၊ မြန်မာနိုင်ငံရဲ့ လုံခြုံရေးအခြေအနေ ယိုယွင်းနေတာနဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါလို အချို့အရာတွေကြောင့် မြန်မာနိုင်ငံမှာ လုပ်ကိုင်နေတဲ့ မီးရထားလမ်းစီမံကိန်းဟာ အချိန်နဲ့ငွေကြေး ပိုမိုအသုံးပြုရဖွယ်ရှိနေပါတယ်” လို့ ပြောလာခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ နိုင်ငံရေးပဋိပက္ခတွေအကြားမှာ မြန်မာနိုင်ငံနဲ့ ပြည်သူဟာ မြေစာပင်ဖြစ်နေတယ်ဆိုတာ အသေအချာဖြစ်ပြီး အလုံးစုံပျက်သုဉ်းပြီးမှ ပြန်တည်ဆောက်မယ်ဆိုတဲ့ ဦးနှောက်နည်းသူတွေရဲ့ ဖျက်ဆီးတိုက်ခိုက်မှုတွေကြားမှာ ပြီးခဲ့တဲ့ ဆယ်စုနှစ် ၂၀၁၃ လောက်က ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်တယ်ဆိုတဲ့ အခြေအနေမျိုး၊ အခြေခံအ​ဆောက်အအုံတွေ အကုန်ပြန်ကောင်းမွန်တဲ့နိုင်ငံမျိုး ပြန်ဖြစ်ဖို့အတွက်တော့ ဆယ်စုနှစ်ငါးစုမက ပြန်တည်ဆောက်ရတော့မှာဖြစ်သလို နှစ်ဖက်အကျိုးစီးပွားအတွက် တိုက်ပွဲတွေမရပ်ကြရင်တော့ ဒီထက်မကလည်း ကြာဦးမယ်လို့ ယူဆရပါတယ်။

“အချိန်မီပြန်မစိုက်ပျိုးရင် စားနပ်ရိက္ခာအခက်အခဲရင်ဆိုင်ရမဲ့ မြန်မာ”

ကုလသမဂ္ဂထုတ်ပြန်ချက်အရ မြန်မာနိုင်ငံဟာ ပါကစ္စတန်၊ အာဖန်ဂန်နစ္စတန်စတဲ့နိုင်ငံတွေနဲ့အတူ ကမ္ဘာတဝှမ်းက နိုင်ငံတွေထဲမှာ စားနပ်ရိက္ခာမလုံခြုံမှုကြောင့် အစားအစာငတ်မွတ်ခေါင်းပါးမှု အန္တရာယ်နဲ့ရင်ဆိုင်ရမဲ့ နိုင်ငံစာရင်းထဲ ပါဝင်နေပါတယ်။

ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းတွေဖြစ်တဲ့ FAO နဲ့ WFP တို့က မေလ ၂၉ ရက်မှာ စားနပ်ရိက္ခာမလုံခြုံမှုနဲ့ ပတ်သက်ပြီးသတိပေးချက်ထုတ်ပြန်ခဲ့ရာမှာ မြန်မာ၊ အာဖန်ဂန်နစ္စတန်၊ ဆိုမာလီယာ၊ ဆူဒန်၊ ယီမင်၊ ဟေတီ၊ မာလီ၊ ဘူကီနာဖာဆို၊ ကင်ညာ၊ ကွန်ဂို၊ ဆီးရီးယား၊ အီသီယိုပီးယား၊ ဗဟိုအာဖရိက စတဲ့ ၂၂ နိုင်ငံဟာ ဆာလောင် မွတ်သိပ်မှုနဲ့ အစားအစာမလုံလောက်မှုကြောင့် ဖြစ်လာနိုင်မဲ့ အန္တရာယ်တွေ ရှိနေပါတယ်။

စီးပွားရေးကျဆင်းတာ၊ ပြည်တွင်းပဋိပက္ခ၊ ရေကြီးမှု၊ မုန်တိုင်းတိုက်ခတ်မှု၊ သဘာဝဘေးအန္တရာယ်တွေကြောင့် စားနပ်ရိက္ခာမလုံခြုံမှု ဖြစ်လာရသလို အဆိုးဆုံးကပြည်တွင်းပဋိပက္ခရဲ့ ဘေးထွက်ဆိုးကျိုး နေရပ်စွန့်ခွာထွက်ပြေးသူဦးရေမြင့်တက်နေတာကြောင့် လူဦးရေ ၁၅ ဒသမ ၂ သန်းဟာ အစားအစာနဲ့ ရှင်သန်နေထိုင်ရေးအတွက် အကူအညီလိုအပ်နေပါတယ်။ ဒီအထဲမှာ မြန်မာနိုင်ငံက အမျိုးသမီးနဲ့ ကလေးငယ် ၂ ဒသမ ၂ သန်းဟာ ၂၀၂၃ ခုနှစ်အတွင်း အာဟာရပြည့်ဝစေမဲ့အစားအစာ လိုအပ်လာပါဦးမယ်။

တစ်ဖက်မှာလည်း မိုခါကြောင့် စိုက်ဧက ၆၀၀၀၀ ကျော် ပျက်စီးသွားတာ၊ ကျွဲနွားတိရစ္ဆာန် ၆ သိန်းလောက်သေကုန်တာ၊ နေအိမ် ၇ သိန်းလောက်ထိခိုက်ပျက်စီးတာ၊ မုန်တိုင်းကြောင့် မျိုးစေ့တွေ ဆုံးရှုံးသွားခဲ့ရသလို လယ်ကွင်းတွေ၊ ငါးကန်တွေနဲ့ ချိတ်ဆက်ထားတဲ့ လမ်း၊ တံတားတွေလည်း ပျက်စီးသွားတာ၊ ရေလုပ်ငန်းတွေလည်း ထိခိုက်သွားတာကြောင့် ဒီလိုပျက်စီးမှုကွင်းဆက်တွေမှာ အချိန်မီပြန်ပြီး စိုက်ပျိုး မွေးမြူမှုမလုပ်နိုင်ဘူးဆိုရင် လာမဲ့လအနည်းငယ်ကစပြီး အစားအစာအခက်အခဲတွေ ရင်ဆိုင်ရတော့မှာပါ။ အစားအစာမလုံခြုံမှု ဖြစ်ပေါ်လာမယ်ဆိုရင် အခုတောင် ကုန်စျေးနှုန်းမြင့်တက်နေတာကြောင့် ကျပ်တည်းနေတဲ့ ပြည်သူတွေကြားမှာ ဒုက္ခတွေချည်းပိုများလာဖို့ပဲ ရှိနေတာပါလို့ ​တင်ပြရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News