◾ “Inclusive Political Dialogue”  မရှိဘဲ ရွေးကောက်ပွဲကို ကျင်းပမည်ဆိုလျှင် မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ပိုမိုဖြစ်လာနိုင်မည့်အန္တရာယ်များရှိလာနိုင်

၄. ၆. ၂၀၂၃
Written by Nay Aung

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲမကျင်းပခင် အားလုံးပါဝင်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရမည်ဖြစ်ကြောင်း ရာထူးမှ အနားယူတော့မည့် မြန်မာနိုင်ငံဆိုင်ရာကုသလမဂ္ဂအထူးကိုယ်စားလှယ် နိုလန်ဟေဇာက တိုက်တွန်းပြောဆိုလိုက်သည်။

အသက် ၇၅နှစ်အရွယ်ရှိ နိုလန်ဟေဇာသည် ဆွတ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် NUG မှတာဝန်ရှိသူတစ်ဦးဖြစ်သော ဒေါ်ဇင်မာအောင်နှင့် တွေ့ဆုံဆွေးနွေးပြီးနောက် ယင်းကဲ့သို့ တိုက်တွန်းတောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နိုလန်ဟေဇာက အားလုံးပါဝင်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု “Inclusive Political Dialogue”  မရှိဘဲ ရွေးကောက်ပွဲကို ကျင်းပမည်ဆိုလျှင် မြန်မာနိုင်ငံတွင်အကြမ်းဖက်မှုများ ပိုမိုဖြစ်လာနိုင်မည့်အန္တရာယ်များရှိလာနိုင်ကြောင်း သုံးသပ်ပြောဆိုသည်။

၎င်းက ” အားလုံးပါဝင်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုတွေမလုပ်ဘူးဆိုရင် နစက က ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲဟာ အန္တရာယ်တွေ ပိုမိုဖြစ်လာနိုင်တယ်။ နိုင်ငံသားတွေရဲ့ ရပိုင်ခွင်တွေကို လွတ်လပ်စွာကျင့်သုံး လုပ်ဆောင်ခွင့်ပေးရမယ်”ဟု ပြောသည်။

နိုင်ငံရေးတွေ့ဆုံဆွေးနွေးရာတွင် အမျိုးသမီးနှင့်လူငယ်များအပါအဝင် ပဋိပက္ခများ၏သက်ရောက်မှုများ ရင်ဆိုင်နေရသော ဒေသများမှ ပြည်သူများကို အဓိကအာရုံစိုက်ဆွေးနွေးရမည်ဖြစ်ကြောင်း သိရသည်။

နိုလန်ဟေဇာသည် မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂ၏ အထူးကိုယ်စားလှယ်အဖြစ် လပေါင်း ၂၀ကျော်ကြာတာဝန်ယူပြီးနောက် လာမည့်ဇွန်လ ၁၂ရက်နေ့တွင် ရာထူးမှ အနားယူတော့မည်ဖြစ်ကြောင်း ပြီးခဲ့သောရက်ပိုင်းတွင် ကုလသမဂ္ဂဘက်မှ သတင်းထုတ်ပြန်ထားသည်။

နိုလန်ဟေဇာသည် မြန်မာနိုင်ငံတွင်ဖြစ်ပွားလျက်ရှိနေသော ပဋိပက္ခများကိုအဆုံးသတ်နိုင်အောင် ကြားဝင်ကြိုးပမ်းမှုအဖြစ် ပြီးခဲ့သော သြဂုတ်လတွင် မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ပြီး နစကအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် နစက တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ နိုလန်ဟေဇာသည် မြန်မာ့နိုင်ငံရေးအခက်အခဲများကိုဖြေရှင်းနိုင်ရန် ရည်ရွယ်ပြီး အာဆီယံအထူးကိုယ်စားလှယ်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး၊ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးများ နှင့် ယခုနှစ်အတွင်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရသည်။

Ref—- AFP

Leave a Reply

Your email address will not be published. Required fields are marked *

Related News