သက်တံ့
၉. ၁၁. ၂၀၂၆
ထိုင်းနိုင်ငံ၏ အနောက်ဘက် မြန်မာနယ်စပ်နှင့် အရှေ့ဘက်ရှိ ကမ္ဘောဒီးယားနယ်စပ် အခြေအနေများနှင့် ပတ်သက်၍ လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေသော သတင်းအချက်အလက်များကြောင့် ထိုင်းပြည်သူများအကြား စိုးရိမ်ပူပန်မှု ဖြစ်ပေါ်လာစေနိုင်သဖြင့် ထိုင်းဘုရင့်တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဝင်းထိုင်း ဆုဝါရီက ဖြစ်စဉ်အမှန်များကို တိတိကျကျ သိရှိစေရန်အတွက် တနင်္လာနေ့ (နိုဝင်ဘာ ၉ ရက်၊ ၂၀၂၆) တွင် ရှင်းလင်းပြောကြားခဲ့သည်ဟု The Nation Thailand က ဖော်ပြသည်။
◾️ မြန်မာ့ပြည်တွင်း ပဋိပက္ခအပေါ် ထိုင်းနိုင်ငံ၏ ဆောင်ရွက်နေမှု အခြေအနေ
မြန်မာနိုင်ငံနှင့် ထိစပ်နေသော အနောက်ဘက်နယ်စပ်တွင် ဖြစ်ပွားနေသော တိုက်ပွဲများသည် မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင် အဖွဲ့အစည်းအသီးသီးကြား ဖြစ်ပွားနေသည့် ပြည်တွင်းပဋိပက္ခသာဖြစ်ပြီး ထိုင်းနှင့် မြန်မာကြား ဖြစ်ပွားသည့် ပဋိပက္ခမဟုတ်ပေ။ သို့သော်လည်း ထိုဒေသရှိ ထိုင်းတပ်မတော်၏ နယ်စပ်ကာကွယ်ရေးတပ်ဖွဲ့များသည် တစ်ရက်လျှင် ၂၄ နာရီပတ်လုံး ကင်းလှည့်ခြင်းနှင့် စောင့်ကြည့်စစ်ဆေးခြင်းများကို ဆောင်ရွက်ရန် တပ်ဖွဲ့ဝင်များ စေလွှတ်ထားသည်။
လတ်တလောအားဖြင့် ရတ်ချမနူ (Rachamanu) စစ်ဆင်ရေးတပ်ဖွဲ့သည် တာ့ခ်ခရိုင် (Tak province)၊ မဲဆောက်မြို့နယ်ရှိ နယ်စပ်တစ်လျှောက်တွင် နေ့ရောညပါ ကင်းလှည့်မှုနှင့် စောင့်ကြည့်မှုများကို နိုဝင်ဘာ ၈ ရက်နေ့က တိုးမြှင့်ဆောင်ရွက်ခဲ့သည်။
အဆိုပါတပ်ဖွဲ့သည် အရေးပေါ်အခြေအနေများတွင် ဒေသခံများအား ကူညီပေးနိုင်ရေးအတွက် ဘေးကင်းရာနေရာများနှင့် ကူညီရေးအစီအစဉ်များ ပြင်ဆင်နိုင်ရန် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအာဏာပိုင်များနှင့်လည်း ညှိနှိုင်းဆောင်ရွက်ခဲ့သည်။
ထိုင်းဘက်ခြမ်းသို့ ကျည်များ မတော်တဆ ကျရောက်သည့် ဖြစ်စဉ်များတွင် ထိခိုက်ခံရသည့် စာရင်းဝင် အရပ်သားများကို အရေးပေါ်ကူညီမှုများ ဆောင်ရွက်ပေးခဲ့သည်။ ထို့အပြင် ထိုင်းနိုင်ငံသည် ထိတွေ့တိုက်ခိုက်မှုဆိုင်ရာ စည်းမျဉ်းများနှင့်အညီ သတိပေးပစ်ခတ်မှုများ ပြုလုပ်ခဲ့ပြီး ထိုင်းနိုင်ငံသားများ၏ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်မှုမရှိစေရန် သတိပြုပါဝင်ဆောင်ရွက်ရေးအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု ယန္တရားများမှတစ်ဆင့် မြန်မာဘက်သို့ အကြောင်းကြားညှိနှိုင်းခဲ့သည်ဟု ဗိုလ်ချုပ် ဝင်းထိုင်း ဆုဝါရီက ဆိုသည်။
◾️ ကမ္ဘောဒီးယားနယ်စပ်အရေးအတွက် ထိုင်းနိုင်ငံ၏ ဆောင်ရွက်နေမှု အခြေအနေ
ကမ္ဘောဒီးယားနိုင်ငံနှင့် ထိစပ်နေသည့် အရှေ့ဘက်နယ်စပ်တွင်မူ ထိုင်း-ကမ္ဘောဒီးယား အခြေအနေဆိုင်ရာ ပူးတွဲသတင်းအချက်အလက်ဗဟိုဌာန (JIC) ၏ ဆန်းစစ်ချက်များပေါ် အခြေခံ၍ အခြေအနေကို ဆက်လက်စောင့်ကြည့်လျက်ရှိသည်။
မသင့်တော်သော လှုပ်ရှားမှုများကို စုံစမ်းတွေ့ရှိပါက ဒေသဆိုင်ရာတပ်ဖွဲ့များသည် ထိတွေ့တိုက်ခိုက်မှုဆိုင်ရာ စည်းမျဉ်းများနှင့်အညီ အရေးယူဆောင်ရွက်ခဲ့ပြီး ပြဿနာများကို ဖြေရှင်းရန် ဒေသခံစစ်ဘက်ဆိုင်ရာ တပ်ဖွဲ့များ၏ ဆက်သွယ်ရေးနှင့် ညှိနှိုင်းရေးယန္တရားများကို အသုံးပြုခဲ့ကြသည်။
အခြေအနေများကို ထိန်းချုပ်ထားနိုင်ဆဲဖြစ်ကြောင်း ထိုင်းတပ်မတော်က အတည်ပြုပြောကြားခဲ့သည်။
ထိုင်းနိုင်ငံအနေဖြင့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်စွဲပါ ပူးတွဲကြေညာချက်အတိုင်း ဆက်လက်လိုက်နာဆောင်ရွက်သွားမည်ဖြစ်ပြီး နှစ်ဦးနှစ်ဖက် သဘောတူထားသည့် ယန္တရားများမှတစ်ဆင့် ပြဿနာများကို ဖြေရှင်းသွားမည်ဖြစ်သည်။
◾️ တပ်မှူးများ နယ်စပ်ဒေသသို့ သွားရောက်စစ်ဆေးမှု
ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ပဏ ကလဲ့ပလော့တုက် (Gen Pana Claewplodtook) သည် နိုဝင်ဘာ ၂ ရက်မှ ၃ ရက်နေ့အထိ အရှေ့ဘက်နယ်စပ်သို့ သွားရောက်ကြည့်ရှုခဲ့သည်။ ၎င်းက တပ်ဖွဲ့ဝင်များနှင့် စက်ကိရိယာများ အမြဲတမ်းအသင့်ရှိနေစေရန်နှင့် ဖြစ်လာနိုင်ဖွယ်ရှိသော အခြေအနေတိုင်းကို လွှမ်းခြုံနိုင်ရန် စစ်ဆင်ရေးမဟာဗျူဟာများကို ပြန်လည်ပြင်ဆင်ရန် တပ်ဖွဲ့များကို ညွှန်ကြားခဲ့သည်။
ထို့အတူ တိုင်းတပ်မတော် အမှတ် (၃) စစ်တိုင်းဌာနချုပ်၏ တိုင်းမှူး ဒုတိယဗိုလ်ချုပ်ကြီး ဝိုရသပ် ဘူညာ (Lt Gen Worathep Boonya) သည် နိုဝင်ဘာ ၈ ရက်နေ့က မယ်ဟောင်ဆောင်ခရိုင်ရှိ နယ်စပ်ဒေသများသို့ သွားရောက်ခဲ့ကာ နယ်စပ်ကို ကာကွယ်ရန် တပ်ဖွဲ့များကို ညွှန်ကြားခဲ့သလို ဒေသခံများ၏ သုခချမ်းသာကို အထူးဂရုစိုက်ရန်နှင့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးရန် ညွှန်ကြားခဲ့သည်။
တပ်မတော်အနေဖြင့် အမျိုးသားအချုပ်အခြာအာဏာ ကာကွယ်ရေးနှင့် ပြည်သူ့လုံခြုံရေး နှစ်ခုစလုံးအတွက် ဖြစ်နိုင်သမျှ အခြေအနေအားလုံးအတွက် အစီအစဉ်များ ဆွဲထားကြောင်း ဗိုလ်ချုပ် ဝင်းထိုင်းက ထပ်လောင်းပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် ၎င်း၏ အဓိကတာဝန်မှာ နယ်စပ်ဒေသအားလုံးတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရန်ဖြစ်သည်။
ထို့အပြင် နယ်စပ်တစ်လျှောက် တာဝန်ထမ်းဆောင်နေသော တပ်ဖွဲ့ဝင်များကို ပြည်သူများအနေဖြင့် ယုံကြည်မှုရှိကြရန်၊ ထိုင်းစစ်တပ်၏ တရားဝင်သတင်းစီးဆင်းမှုများနှင့် ဒေသဆိုင်ရာ ခရိုင်အစိုးရ သတင်းရရှိရေး လမ်းကြောင်းများမှ သတင်းအချက်အလက်များကို လေ့လာစောင့်ကြည့်ကြရန်နှင့် သတင်းများကို ပြန်လည်မျှဝေခြင်းမပြုမီ တိုင်းတာစစ်ဆေးကြရန် ၎င်းက တိုက်တွန်းပြောကြားခဲ့သည်။
နယ်စပ်ဒေသခံများသည် ပုံမှန်မဟုတ်သော မသင်္ကာဖွယ်ရာ ဖြစ်စဉ်များကို ဒေသခံစစ်ဘက်ဆိုင်ရာ တပ်ဖွဲ့များ သို့မဟုတ် အုပ်ချုပ်ရေးအာဏာပိုင်များထံ ၂၄ နာရီပတ်လုံး သတင်းပို့ တိုင်ကြားနိုင်သည်ဟုလည်း ထိုင်းတပ်မတော်က ထုတ်ပြန်ပြောကြားခဲ့သည်။
Ref: The Nation Thailand


