၉.၁၁.၂၀၂၆
Translated by Htwe Ko Tun
ဆီနီဂေါနိုင်ငံအနောက်မြောက်ပိုင်း၊ ကီဘီမာမြို့ ကမ်းရိုးတန်းအနီးတွင် ရွှေ့ပြောင်းနေထိုင်သူများ လိုက်ပါသည့် လှေငယ်တစ်စင်း နိုဝင်ဘာလ ၇ ရက်က နစ်မြုပ်သွားခဲ့ရာ သေဆုံးသူ အနည်းဆုံး လူ ၃၄ ဦး ရှိ သွားခဲ့ပြီဟု ဆီနီဂေါသတင်းဌာနက နိုဝင်ဘာလ ၈ ရက် တွင် ဖော်ပြခဲ့သည်။
အစပိုင်းတွင် ဆီနီဂေါ ပြည်ထဲရေးဝန်ကြီးဌာနက လှေနစ်မြုပ်မှုဖြစ်စဉ်မှ လူတစ်ဦးကိုသာ ကယ်တင်နိုင်ခဲ့ပြီး ရုပ်အလောင်း ၂၁ လောင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
သေဆုံးသူဦးရေမှာ ယာယီကိန်းဂဏန်းသာဖြစ်ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း ဝန်ကြီးဌာနက ဖြည့်စွက်ပြောကြားခဲ့သည်။

အဆိုပါဖြစ်ရပ်သည် ဆီနီဂေါနိုင်ငံ၏မြို့တော် ဒါကာမြို့၏ မြောက်ဘက် ကီလိုမီတာ ၁၈၀ (မိုင် ၁၁၂ မိုင်ခန့်) အကွာရှိ ကီဘီမာမြို့အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
မကြာသေးမီနှစ်များအတွင်း စပိန်နိုင်ငံပိုင်၊ ကနေရီကျွန်းစုသို့ ရောက်ရှိရန်အတွက် အန္တရာယ်များသော အတ္တလန္တိတ်သမုဒ္ဒရာကို ဆီနီဂေါကမ်းရိုးတန်းမှ လှေများဖြင့် ဖြတ်သန်းခဲ့ရာတွင် လူထောင်ပေါင်းများစွာ သေဆုံးခဲ့ကြသည်။
ဝန်ကြီးဌာနက “လူမှောင်ခိုကူးသည့် ကွန်ရက်များကို တိုက်ဖျက်ရန်၊ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုအားကောင်းစေခြင်းအားဖြင့် တိုက်ဖျက်ရန် အစိုးရက ခိုင်မာစွာ ဆုံးဖြတ်ထားကြောင်း နိုဝင်ဘာလ ၇ ရက်က အလေးပေးပြောကြားခဲ့သည်။
နိုဝင်ဘာလ ၆ ရက်က စပိန်ပိုင်နက်သို့ ဦးတည်လာသည့် အလားတူလှေတစ်စင်းပေါ်မှ ရွှေ့ပြောင်းနေထိုင်သူ ၁၄၂ ဦးကို ဆီနီဂေါအာဏာပိုင်များက ကြားဖြတ်တားဆီးနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ အဆိုပါလှေပေါ်တွင် အနောက်အာဖရိကနိုင်ငံအများအပြားမှ နိုင်ငံသားများ ပါဝင်နေသည်။

ကနေရီကျွန်းစုရှိ အယ်လ်ဟီရာရိုကျွန်းမှ အာဏာပိုင်များကလည်း ရွှေ့ပြောင်းနေထိုင်သူများ လိုက်ပါလာသည့် လှေများ ရောက်ရှိလာမှု သိသိသာသာ မြင့်တက်လာပြီးနောက် နိုဝင်ဘာလ ၇ ရက်တွင် အရေးပေါ်အခြေအနေ ကြေညာခဲ့သည်။
အယ်လ် ဟီရာရိုကျွန်း တာဝန်ရှိသူများ၏ ပြောကြားချက်အရ ယခုလအစပိုင်းမှစ၍ လှေအစင်း ၃၀ ခန့်ဖြင့် လူပေါင်း ၃,၃၀၀ ကျော် ရောက်ရှိလာခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ အလွန်စိုးရိမ်မိပါတယ်။ ဒီလို ရောက်ရှိလာသူ အရေအတွက် ရုတ်တရက် မြင့်တက်လာမှု ကြောင့်ပါ” ဟု အယ်လ် ဟီရာရို ဒေသဆိုင်ရာကောင်စီ အကြီးအကဲ အယ်လ် ပီဒီယို အာမားစ် က စပိန်ရုပ်သံလိုင်းတစ်ခုသို့ ပြောကြားခဲ့သည်။
“အဆင့်မြင့် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် မူဘောင်တစ်ခု ရရှိစေရန်အတွက် အရေးပေါ်အခြေအနေ ကြေညာရခြင်း ဖြစ်ပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။
ကျွန်းပေါ်ရှိ ဆေးရုံ၏ အခြေအနေမှာ “မလိုလားအပ်သော” အခြေအနေမျိုး ဖြစ်လာကြောင်း အာမားစ်က ပြောကြားခဲ့သည်။
အယ်လ် ဟီရာရို ကျွန်းတွင် နေထိုင်သူဦးရေ ၁၁,၄၀၀ ခန့် ရှိကြောင်း သိရသည်။
၂၀၂၄ ခုနှစ်တွင် ရွှေ့ပြောင်းနေထိုင်သူ ၄၆,၀၀၀ ဦး ထိ စံချိန်တင်ရောက်ရှိလာခဲ့ပြီး နောက်ပိုင်းတွင် စောင့်ကြပ်ကြည့်ရှုမှုများ တိုးမြှင့်လုပ်ဆောင်လာခြင်းနှင့် အာဖရိကနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်လာခြင်းတို့ကြောင့် ရောက်ရှိလာသူဦးရေမှာ သိသိသာသာ ကျဆင်းသွားခဲ့သည်။
Ref: AFP
