၉.၁၁.၂၀၂၆
Translated by Htwe Ko Tun
အီဂျစ်နိုင်ငံ၊ ဂီဇာဒေသ၊ အယ်လ်-အာယတ်တွင် နိုဝင်ဘာလ ၈ ရက်က ခရီးသည်တင်ရထားနှစ်စင်း တိုက်မိခဲ့ရာ လူအနည်းဆုံး ၇ ဦး သေဆုံးပြီး ၁၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အီဂျစ် ကျန်းမာရေးနှင့် လူဦးရေဝန်ကြီးဌာနက ထုတ်ပြန်ကြေညာသည်။
ဂီဇာမှ ဖာယွမ်မြို့သို့ ဦးတည်မောင်းနှင်လာသော တာယာ မစ်ဆာ (Tahya Misr) ရထားအမှတ် ၁၃၄ သည် ကိုင်ရိုမြို့မှ အဆွမ်မြို့သို့ ဦးတည်မောင်းနှင်လာသော ရထားအမှတ် ၂၀၁၀ ၏ နောက်ပိုင်းကို ကာဖာ အမ်မာနှင့် အယ်လ်-ရာကွာ ဘူတာရုံများအကြားတွင် ဝင်ရောက်တိုက်မိခဲ့ကြောင်း အီဂျစ် အမျိုးသား မီးရထားဌာနက ပြောကြားသည်။ တိုက်မိမှုကြောင့် ရထားတွဲအများအပြား လမ်းကြောင်းပေါ်မှ လျှောကျတိမ်းမှောက်ခဲ့ရကြောင်း သိရသည်။ မတော်တဆမှု ဖြစ်ပွားရသည့် အကြောင်းရင်းကိုမူ ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။

တစ်နေ့တာအတွင်း၌ပင် သေဆုံး၊ ဒဏ်ရာရသူ အရေအတွက်မှာ တိုးလာခဲ့သည်။ ဝန်ကြီးဌာန၏ ကနဦးစာရင်းများအရ သေဆုံးသူ ၄ ဦးနှင့် ဒဏ်ရာရသူ ၈၈ ဦး သာရှိခဲ့သော်လည်း အရေအတွက်မှာ ဆက်လက်မြင့်တက်နေသည်၊ ဒဏ်ရာရရှိသူများကို အယ်လ်-ဝါစတာ၊ အယ်လ်-အာယတ်နှင့် အတ်ဖ်ဖီမြို့များရှိ ဗဟိုဆေးရုံများသို့ ပို့ဆောင်ကုသပေးခဲ့ကြောင်း၊ လူနာတင်ယာဉ် ၇၂ စင်းဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်း Masrawy သတင်းဌာနက ဖော်ပြခဲ့သည်။ ကျန်းမာရေးဝန်ကြီး ခါလက်ဒ် အဗ်ဒယ်လ်-ဂါဖာက ဂီဇာနှင့် ဘီနီ ဆွေ့ဖ် ဒေသများရှိ ဆေးရုံများအား အရေးပေါ် အသင့်အနေအထား ရှိစေရန် ညွှန်ကြားထားသည်။
သမ္မတ အဗ္ဗဒယ်လ် ဖာတာ အယ်လ်-စီစီက ၎င်း၏ Facebook စာမျက်နှာတွင် မတော်တဆမှု ဖြစ်ပွားပြီးနောက်ပိုင်း အခြေအနေများကို အနီးကပ် စောင့်ကြည့်နေကြောင်း ရေးသားဖော်ပြထားသည်။ ၎င်းက သေဆုံးသူများ၏ မိသားစုဝင်များထံ ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့ခဲ့သလို ဒဏ်ရာရရှိသူများလည်း အမြန်ဆုံး ပြန်လည်သက်သာကောင်းမွန်လာစေရန် ဆုမွန်ကောင်း တောင်းပေးခဲ့သည်။ လိုအပ်သော ဆေးကုသမှုများ ပံ့ပိုးပေးရန်နှင့် စုံစမ်းစစ်ဆေးမှုများကို အရှိန်မြှင့်လုပ်ဆောင်ရန် တာဝန်ရှိသူများကို ညွှန်ကြားထားကြောင်း၊ ပေါ့လျော့မှု ကျူးလွန်ကြောင်း တွေ့ရှိရသူ မည်သူ့ကိုမဆို တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

အများပြည်သူဆိုင်ရာ တရားစွဲဆိုရေးရုံးမှ အဖွဲ့တစ်ဖွဲ့သည် မတော်တဆမှု ဖြစ်ပွားရာနေရာသို့ သွားရောက်စစ်ဆေးခဲ့ပြီး ရထားတွဲများ အဘယ်ကြောင့် လမ်းကြောင်းပေါ်မှ လျှောကျတိမ်းမှောက်ရသည်ကို စစ်ဆေးရန်နှင့် ချို့ယွင်းချက်များကို ဖော်ထုတ်ရန် မီးရထားဌာနမှ အထူးပြု နည်းပညာကော်မတီတစ်ခုကို တောင်းခံထားကြောင်း Al-Mal သတင်းဌာနက ဖော်ပြသည်။
ဝန်ကြီးချုပ် မိုစတာဖာ မာဒ်ဘူလီ ကလည်း ထိခိုက်ခံစားရသူများအတွက် ဆေးကုသမှုနှင့် အခြားအကူအညီများ ပံ့ပိုးပေးနေမှု အခြေအနေများကို ကြီးကြပ်ဆောင်ရွက်ခဲ့သည်။
အီဂျစ် အမျိုးသား မီးရထားဌာနသည် ပျက်စီးမှုများကို ဖယ်ရှားရှင်းလင်းရန်နှင့် ကိုင်ရိုမှ အဆွမ်လမ်းကြောင်းပေါ်တွင် ရထားဝန်ဆောင်မှုများ ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် အရေးပေါ်အဖွဲ့များနှင့် ဝန်ချီစက်များကို စေလွှတ်ထားသည်။ ရထားဝန်ဆောင်မှုများ ပြန်လည်မစတင်နိုင်မီကာလအတွင်း ပို့ဆောင်ရေးဝန်ကြီးဌာနအနေဖြင့် အယ်လ် ဝတ်စတာ ဘူတာနှင့် အယ်လ် အာရတ်ဘူတာအကြားနှင့် အယ်လ် မိုနိပ်ဘူတာနှင့် အယ်လ်-အာယတ်ဘူတာတို့အကြားတွင် ဘတ်စ်ကားများဖြင့် ခရီးသည်များကို နှစ်ဖက်သွားလာနိုင်အောင် စီစဉ်ပြေးဆွဲပေးလျက်ရှိသည်။
အယ်လ် အာရတ် ဒေသသည် ၂၀၀၂ ခုနှစ်၊ ဖေဖော်ဝါရီလက အီဂျစ်နိုင်ငံတွင် အဆိုးရွားဆုံးသော ရထားမတော်တဆမှု ဖြစ်ပွားခဲ့သည့် နေရာလည်း ဖြစ်သည်။ ထိုစဉ်က ကိုင်ရိုမြို့မှ လူဆော်မြို့သို့ ဦးတည်မောင်းနှင်လာသော ရထားတစ်စင်းတွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ လူပေါင်း ၃၆၀ ကျော် သေဆုံးခဲ့ရသေးသည်။
Ref: Egyptian Streets

