YUA ၏ ကြေညာချက်ကို တွေ့ရစဥ်

၁၈-၁၀-၂၀၂၂

Written by Nay Moe

ရန်ကင်းရဲစခန်းအား အဝေးထိန်းဗုံးနှစ်လုံးခွဲ တိုက်ခိုက်ခဲ့သည်ဟု Yangon UG Association က အောက်တိုဘာ ၁၈ ရက်တွင် ကြေညာထားသည်။

အဆိုပါ တိုက်ခိုက်မှုကို Yangon UG Association ၏ အဖွဲ့ဝင်ဖြစ်သော God’s Hand Force အဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကာ အောက်တိုဘာ ၁၈ ရက်နေ့လည် ၁ နာရီ ၂၅ မိနစ်တွင် အဝေးထိန်းဗုံးနှစ်လုံးခွဲကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ရဲတပ်ဖွဲ့ဝင်များ ထိခိုက်မှု သိရှိရမှုမရှိသေးသော်လည်း God’s Hand Force အဖွဲ့ဝင်များ ဘေးကင်းစွာ ဆုတ်ခွာခဲ့သည်ဟုလည်း ဖော်ပြထားသည်။

“ Yangon UG Association ရဲ့ “ပြည်သူ့ကမ်းလက်များ စစ်ဆင်ရေး” စစ်ရေးဖော်ဆောင်မှုရဲ့ တစ်စိတ်တစ်ဒေသဖြစ်ပြီး ဆဋ္ဌမမြောက်ဖော်ဆောင်မှုပါ” ဟု Yangon UG Association ၏ ပြန်ကြားရေးတာဝန်ခံ ဆရာကျောင်းက ဆိုသည်။

Yangon UG Association အနေဖြင့် စက်တင်ဘာ ၄ ရက်အထိ ရန်ကုန်မြို့တွင် တိုက်ခိုက်မှု ၄၇ ကြိမ်ပြုလုပ်ခဲ့ပြီး အောင်မြင်မှုရှိသော တိုက်ခိုက်မှု ၃၂ ကြိမ်နှင့် မအောင်မြင်သော တိုက်ခိုက်မှု ၁၅ ကြိမ်ရှိခဲ့သည်။

ပြည်သူ့ကမ်းလက်များစစ်ဆင်ရေးပထမအကြိမ်တွင် မြောက်ဥက္ကလာပ USDP ရုံးအား အဝေးထိန်းဗုံးဖြင့် တိုက်ခိုက်ခြင်း၊ ဒုတိယအကြိမ်တွင် မြန်မာဘီယာစက်ရုံကို အဝေးထိန်းဗုံးနှစ်လုံးဖြင့် တိုက်ခိုက်ခြင်း၊ တတိယအကြိမ်တွင် တညင်းကုန်းရထားသံလမ်းအကျော်ရှိ စစ်သားစုဆောင်းရေးတပ်နောက်ပေါက်ဂိတ်အား အဝေးထိန်းဗုံးနှစ်လုံးဖြင့် တိုက်ခိုက်ခြင်း၊ စတုတ္ထအကြိမ်တွင် မြောက်ဒဂုံ ၃၉ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအား အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခြင်း၊ ပဉ္စမအကြိမ်တွင် ရွှေပြည်သာမြို့နယ်အမှတ် (၂၆) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအား အဝေးထိန်းဗုံးနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်မှုကျုးလွန်ရာ ပြည်သူများပါ ထိခိုက်သောကြောင့် တောင်းပန်မှုပြုခဲ့ရပြီး လက်ရှိ ရန်ကင်းရဲစခန်းအား အဝေးထိန်းဗုံးနှစ်လုံးခွဲ တိုက်ခိုက်ခဲ့မှုမှာ ဆဋ္ဌမအကြိမ်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *