မိုင်းဆွဲခံရသည်ဟုဆိုသော ခန့်မှန်းမြေပုံညွှန်း

MT News

Written by Naing Thuta

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ကြာနီကန်ကျေးရွာနှင့် မတ္တရာမြို့နယ်၊ ထီးတော်မိုးကျေးရွာ ကြားတွင် အောက်တိုဘာ ၁၈ ရက် မွန်းတည့် ၁၂ နာရီဝန်းကျင်ခန့်က လုံခြုံရေးတပ်ဖွဲ့ယာဥ်တန်း မိုင်းဆွဲခံရပြီး မော်တော်ယာဉ်တစ်စီး မိုင်းထိခံခဲ့ရကြောင်း သိရသည်။

“နေ့လည် ၁၂ နာရီလောက်က တပ်ယာဉ်တန်း မိုင်းဆွဲခံရတယ်လို့ သိရတယ်။ ကားသုံးစီးဖြတ်သွားရာက တစ်စီးတော့ထိတယ်လို့ ကြားတာပဲ။ လူတော့ထိတယ်ပြောသံ မကြားဘူး။ ကားတော့ အနည်းငယ်ပျက်စီးသွားတယ်လို့ ပြောနေကြတာပဲ။ မပေါက်သေးတဲ့ မိုင်းတစ်လုံးလည်း တွေ့သေးတယ်” ဟု အခင်းဖြစ်ရာနှင့် နီးသောနေရာတွင် နေထိုင်သူတစ်ဦးက ပြောသည်။

အဆိုပါ မော်တော်ယာဉ်များသည် မန္တလေးမြို့ဘက်မှ လာသော ယာဉ်များဖြစ်ပြီး ကြာနီကန်ကျေးရွာနှင့် ထီးတော်မိုးကျေးရွာကြား၊ အမှတ်(၁) စစ်အကျဉ်းထောင်နှင့် နီးသောနေရာ အရောက်တွင် လမ်း၏ဝဲဘက်မှ ချိန်ကိုက်မိုင်း ဖောက်ခွဲခံရပြီး ကားရှေ့လေကာ မှန်ကွဲသွားခဲ့သော်လည်း လူ ထိခိုက်မှုမရှိကြောင်းနှင့် ၎င်းနေရာနှင့်အနီးတွင် မပေါက်ကွဲသေးသည့် မိုင်းတစ်လုံးတွေ့ရှိခဲ့သေးကြောင်းကို ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။

၎င်းဖြစ်စဉ်နှင့်ပတ်သတ်ပြီး မည်သည့်အဖွဲ့မှ လုပ်ခဲ့သည်ကို မသိရှိရသေးကြောင်းနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများမှ လိုက်လံစုံစမ်းနေကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *