MT News
၃၁.၅. ၂၀၂၃

ဉရောပဘောလုံးအဖွဲ့ချုပ် (UEFA)၏ အမျိုးသမီးဘောလုံးလောက ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အဖြစ် ကျင်းပမည့် UEFA Assist Football for Women Programme အစီအစဉ်ကို လာမည့် ဇွန် ၂ ရက်မှ ၅ ရက်အထိ နိုဗိုတယ်ဟိုတယ် (ရန်ကုန်မက်စ်) တွင် ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သိရသည်။

အဆိုပါ အစီအစဉ်ကို မြန်မာ့ဘောလုံးအသိုင်းအ၀ိုင်းအတွင်း ကဏ္ဍအသီးသီးတွင် လုပ်ကိုင်ဆောင်ရွက်နေသော အမျိုးသမီးဝန်ထမ်းများ၏အရည်အသွေးနှင့် စီမံခန့်ခွဲမှုအရည်အချင်းများ တိုးတက်ကောင်းမွန်လာစေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်သည်။

ယင်းအလုပ်ရုံဆွေးနွေးပွဲကို အသက် ၁၈ နှစ်မှ ၄၀ နှစ်အတွင်းရှိ ဘောလုံးအသိုင်းအ၀ိုင်းအတွင်း ဌာနပေါင်းစုံမှ အမျိုးသမီးဝန်ထမ်းများ၊ ကလပ်အသင်းများ၊ ကစားသမားများ၊ ဒိုင်၊ နည်းပြ၊ ပညာရေးဝန်ကြီးဌာန၊ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန၊ မီဒီယာစသည့် ကဏ္ဍအသီးသီးမှ အမျိုးသမီး ၁၀၀ ကျော် တက်ရောက်ကြမည် ဖြစ်သည်။

ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA)၏ အမျိုးသမီးဘောလုံးရေးရာစီမံခန့်ခွဲမှု ကျွမ်းကျင်သူ သုံးဦးမှ ဦးဆောင် ဆွေးနွေးသွားမည်ဖြစ်ပြီး အမျိုးသမီးဘောလုံး၏ အခန်းကဏ္ဍကို အမျိုးသားဘောလုံးနှင့်တန်းတူဖြစ်လာစေရန်၊ အမျိုးသမီး‌ဘောလုံးလောကသားများအတွက် လစာ၊ အကျိုးခံစားခွင့်၊ အခြေခံ အဆောက်အဦများတိုးတက်လာစေရန်၊ အမျိုးသမီးနည်းပြများ၏ နည်းစနစ်ပိုင်း တိုးတက်ကောင်းမွန်လာရန်၊ အမျိုးသမီးလိဂ်အပြင် သက်တမ်းအလိုက်လိဂ်များ ကျင်းပနိုင်ရန်၊ ဘောလုံးနှင့် ပတ်သက်သည့် စီးပွားရေး ကိစ္စရပ်များပါ တိုးတက်လာရန်၊ နည်းဗျုဟာကျသည့် အစီအစဉ်များ ရေးဆွဲပေးနိုင်ရန်၊ မြန်မာ့အမျိုးသမီးဘောလုံးကိုလည်း အမျိုးသားများနည်းတူ အောက်ခြေအဆင့်မှ စတင်ရွေးချယ်ခြင်း၊ အကယ်ဒမီကဲ့သို့ သက်တမ်းအလိုက်အသင်းများကို စနစ်တကျ ဖွဲ့စည်း လေ့ကျင့်ပေးနိုင်ရန် ရည်ရွယ်ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *