◾မြန်မာ ယူ – ၁၂ လူငယ်များ ဘာစီလိုနာ၊ ဂျုဗင်တပ်နှင့် ဂျပန်ဂျေလိဂ်အသင်းများဖြင့် ယှဥ်ပြိုင်ရမည်

MT News

Written by Thettant

ဂျပန်နိုင်ငံ၊ Chiba မြို့တွင် သြဂုတ် ၂၄ ရက်မှ ၂၈ ရက်အထိ ကျင်းပပြုလုပ်သွားမည့် 11th Junior Soccer World Challenge 2023 ပြိုင်ပွဲအား မြန်မာအမျိုးသား ယူ – ၁၂ အသင်း ဝင်ရောက် ယှဥ်ပြိုင်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သိရသည်။

Junior Soccer World Challenge ပြိုင်ပွဲအား ၂၀၁၃ ခုနှစ်မှ စတင်ကာ ကျင်းပနေခြင်းဖြစ်ပြီး ဥရောပအသင်းများဖြစ်သည့် နာမည်ကျော် ဘာစီလိုနာ၊ လီဗာပူး၊ အာဆင်နယ်၊ အက်စ်ပန်းညို၊ ဂျပန်၊ တရုတ်၊ မက္ကဆီကို စသည်တို့မှ ယူ-၁၂ လူငယ်အသင်းများ ပါဝင်ယှဉ်ပြိုင်ထားပြီး ၂၀၁၃ မှ ၂၀၁၉ ခုနှစ်အထိ ဘာစီလိုနာ ယူ-၁၂ အသင်းက ၅ ကြိမ် ဗိုလ်စွဲထားကာ နိုင်ဂျီးရီးယားလူငယ်နှင့် အက်စ်ပန်းညိုလူငယ်တို့က တစ်ကြိမ်စီ ဗိုလ်စွဲထားကြသည်။

ယခုနှစ် ပြိုင်ပွဲတွင် မြန်မာက ပထမဆုံးအကြိမ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်ခံရခြင်းဖြစ်ပြီး စပိန်ကလပ် ဘာစီလိုနာ၊ အီတလီကလပ် ဂျူဗင်တပ်တို့မှ လူငယ်အသင်းများ၊ ဂျေလိဂ်လူငယ်အသင်းများနှင့်အတူ ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ လက်ရှိ ဘာစီလိုနာအသင်း၏ Eric García နှင့် Ansu Fati တို့သည် ၂၀၁၃ Junior Soccer World Challenge ပြိုင်ပွဲတွင် ဘာကာလူငယ်အသင်းမှပါဝင် ကစားခဲ့သူများဖြစ်သည်။

ပြိုင်ပွဲယှဉ်ပြိုင်ရန် မြန်မာ ယူ-၁၂ အသင်းအား မြန်မာဘောလုံးအကယ်ဒမီများမှ ကစားသမားများနှင့် Scouting ပြုလုပ်ထားသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကစားသမားများအား အခြေခံ၍ ရွေးချယ်ဖွဲ့စည်းမည်ဖြစ်သည်။

ယခုနှစ် ကျင်းပမည့် 11 th Junior Soccer World Challenge 2023 ပြိုင်ပွဲအား စုစုပေါင်း ၃၂ သင်းပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ၄ သင်းပါ အုပ်စု ၈ ခုခွဲကာ ပတ်လည်စနစ်ဖြင့် ကစားသွားမည်ဖြစ်သည်။ အုပ်စုတစ်ခုစီမှ ပထမနှင့် ဒုတိယရသော အသင်းများ ၁၆ သင်းအဆင့်သို့ တက်ရောက်ခွင့်ရရှိမည်ဖြစ်သည်။ ယင်းနောက် ကွာတား၊ ဆီမီး၊ ဗိုလ်လုပွဲ ပွဲစဉ်များ ကစားသွားမည်ဖြစ်သည်။

Ref: ; MFF

Leave a Reply

Your email address will not be published. Required fields are marked *