ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ပါလီမန်အဆောက်အအုံကို တွေ့ရစဉ်။

၃၀. ၅. ၂၀၂၃
Translated by Htwe Ko Tun

ထိုင်းနိုင်ငံတွင် မေလ ၁၄ ရက်က ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲ၌ အမတ်နေရာအများဆုံးရရှိခဲ့ကြသည့် Move Forward Party နှင့် ဖျူထိုင်းပါတီနှစ်ခုတို့မှာ ညွန့်ပေါင်းအစိုးရဖွဲ့စည်းနိုင်ရေးအတွက် အခြားသော ပါတီခြောက်ခုအပါအဝင် ရှစ်ပါတီမဟာမိတ်အုပ်စုကို တည်ထောင်နိုင်ခဲ့ကြသော်လည်း ယခုအခါ အောက်လွှတ်တော်ဥက္ကဋ္ဌနေရာရရှိရေးအတွက် ၎င်းတို့ပါတီနှစ်ခုအကြား အငြင်းပွားမှုတိုက်ပွဲက ပိုမို၍ပြင်းထန်လာခဲ့ကြောင်း သိရသည်။

ယနေ့ မေလ ၃၀ တွင် အောက်လွှတ်တော်ဥက္ကဋ္ဌနေရာနှင့်ပတ်သက်၍ အငြင်းပွားမှုကို ဆွေးနွေးကြရန်စီစဉ်ထားကြပြီး ဖျူထိုင်းပါတီဘက်က ထိုနေရာအား ရွေးကောက်ပွဲ၌ အမတ်နေရာ ဒုတိယအများဆုံးရရှိခဲ့ပြီး MFP ပါတီထက်လည်း ၁၀ နေရာသာလျော့နည်းသည့် ၎င်းတို့ပါတီအားပေးသင့်ကြောင်း တောင်းဆိုထားသည်။ ဖျူထိုင်းပါတီ အတွင်းရေးမှူးချုပ် ပရာဆတ် ချန်တာရာရွန်တောင် က MFP အနေဖြင့် ဝန်ကြီးချုပ်ရာထူးကို ရယူထားသောကြောင့် အောက်လွှတ်တော်ဥက္ကဋ္ဌနေရာကို ဖျူထိုင်းပါတီသို့ ပေးသင့်ကြောင်း၊ ထိုကိစ္စက MFP ပါတီနှင့် ဖျူထိုင်းပါတီနှစ်ခုတည်းသာ ဆွေးနွေးစီမံကြရမည်ဖြစ်ပြီး မဟာမိတ်အုပ်စု၏ အခြားပါတီများနှင့်မသက်ဆိုင်ကြောင်းလည်း မေလ ၂၉ ရက်က ပြောခဲ့သည်။

အောက်လွှတ်တော်ဥက္ကဋ္ဌနေရာနှင့်ပတ်သက်၍ အငြင်းပွားမှုက တွေ့ဆုံမေးမြန်းမှုများနှင့် လူမှုကွန်ရက် စာမျက်နှာများတွင် ရက်အတန်ကြာနေရာယူကာ ပြင်းထန်လာခဲ့သည်နှင့်အမျှ MFP ခေါင်းဆောင်နှင့် ဝန်ကြီးချုပ်လောင်း ပီတာက မဟာမိတ်အုပ်စု၏ အခြားပါတီများကို စည်းလုံးညီညွတ်မှုရှိကြရန်နှင့် အကြောင်းကိစ္စတစ်ရပ်ရပ်ကို ဆွေးနွေးညှိနှိုင်းခြင်းဖြင့်သာ အဖြေရှာကြရန် မေလ ၂၆ ရက်က တောင်းဆိုလာသည်အထိ ဖြစ်လာရသည်။

MFP ပါတီအတွင်းရေးမှူးချုပ်ချိုင်သာဝပ် တူလာသုံကလည်း MFP ခေါင်းဆောင်သော ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရေးအတွက် မဟာမိတ်အဖွဲ့၏အစည်းအဝေးကို Prachachart Party ဌာနချုပ်၌ မေလ ၃၀ ရက် မွန်းလွဲ ၂ နာရီခွဲတွင် စတင်ပြုလုပ်မည်ဟု ပြောခဲ့သည်။ ပီတာကလည်း မဟာမိတ်အုပ်စုဝင်ပါတီအားလုံးအား ထိုအစည်းအဝေး၌ ပူးပေါင်းပါဝင်ကြရန်တိုက်တွန်းခဲ့သည်။ အစည်းအဝေးတွင် ပါတီရှစ်ပါတီက နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးကြမည်ဟုလည်းဆိုသည်။

သို့ရာတွင် ဖျူထိုင်းပါတီနှင့်နီးစပ်သော သတင်းအရင်းအမြစ်တစ်ခုအရမူ ဖျူထိုင်းပါတီအနေဖြင့် အောက်လွှတ်တော်ဥက္ကဋ္ဌနေရာကိစ္စအတွက် ဆွေးနွေးမှုတွင် မဟာမိတ်အုပ်စု၏ အခြားသောပါတီများပါ ပါဝင်လာစေရန် MFP ၏ဆောင်ရွက်မှုကိုသဘောမတူကြောင်း၊ ၎င်းက MFP နှင့်ဖျူထိုင်းပါတီနှစ်ခုကြားတွင်သာရှိသည့်ကိစ္စဖြစ်ကြောင်း၊ MFP ပါတီက မဟာမိတ်အုပ်စု၏အခြားပါတီများကို အသုံးချကာ ဖျူထိုင်းပါတီကို ဖိအားပေးလာမည်ဟု ယုံကြည်ကြောင်းပြောခဲ့သည်ဟုသိရသည်။ ထို့ပြင် ဆွေးနွေးပွဲကို Prachachart Party ဌာနချုပ်၌ ပြုလုပ်သွားရန် MFP ပါတီက တစ်ဖက်သတ်ဆုံးဖြတ်ခဲ့ခြင်းကိုလည်း သဘောမတူကြောင်း ဖျူထိုင်းပါတီက ပြောခဲ့သည်ဟု ဆိုသည်။

ထိုင်းနိုင်ငံတွင် အောက်လွှတ်တော်ဥက္ကဋ္ဌက အောက်လွှတ်တော်အစည်းအဝေးများနှင့် အစည်းအဝေးအစီအစဉ်များအားလုံးကို ကြီးကြပ်ကွပ်ကဲရသောကြောင့် နိုင်ငံရေးနယ်ပယ်၌ ဝန်ကြီးချုပ်ပြီးလျှင် အရေးအကြီးဆုံး ပုဂ္ဂိုလ်တစ်ဦးလည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် MFP ပါတီအတွက် ၎င်း၏ဥပဒေပြဌာန်းမှု ဆိုင်ရာဆောင်ရွက်ချက်များနှင့် ရွေးကောက်ပွဲစည်းရုံးလှုပ်ရှားမှုကာလ ကတိပေးချက်များကိုအကောင် အထည်ဖော်နိုင်ရန် ဝန်ကြီးချုပ်နေရာအပြင် အောက်လွှတ်တော်ဥက္ကဋ္ဌနေရာကိုပါ ရယူနိုင်ရေး အရေးကြီးနေရခြင်းဟု သိရသည်။

Ref—–Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *