၃၀. ၅. ၂၀၂၃
Written by Pan Ei

အမေရိကန်ပြည်ထောင်စု၊ နယူးဂျာစီပြည်နယ်ရှိ ဆီတွန်ဟောတက္ကသိုလ်ရဲ့ ပြီးခဲ့တဲ့ အပတ်မှာကျင်းပခဲ့တဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားမှာ ထောင်ပေါင်းများစွာသော ကျောင်းသား၊ ကျောင်းသူတွေနဲ့အတူ မသန်စွမ်းကျောင်းသူလေးတစ်ယောက်အတွက် ဝန်ဆောင်မှုပေးတဲ့ ခွေးလေးဟာ ဂုဏ်ထူးဆောင် ဒီပလိုမာဘွဲ့ကို လက်ခံရရှိခဲ့ပါတယ်။

ဂျက်စတင်လို့ခေါ်တဲ့ အသက် ၆ နှစ်အရွယ် အဆိုပါခွေးလေးရဲ့ ဘွဲ့နှင်းသဘင်မှာ ဒီပလိုမာရယူနေတဲ့ ဗီဒီယိုဟာ အင်တာနက်အသုံးပြုသူတွေကြားမှာ ပျံ့နှံ့ခဲ့ပြီး ခွေးပိုင်ရှင်နဲ့ ခွေးလေးရဲ့ ကြည်နူးစရာအခိုက်အတန့်လေးကို မြင်သူတိုင်းက ချီးကျူးခဲ့ကြပါတယ်။

ခွေးလေးပိုင်ရှင်ဖြစ်တဲ့ မာရီယာနီဟာ ဆီတွန်ဟော တက္ကသိုလ်ကနေ ပညာရေးသိပ္ပံဘွဲ့ရရှိခဲ့ပြီး မော်တာတပ်ထားတဲ့ ဘီးတပ်ကုလားထိုင်နဲ့ စင်မြင့်ပေါ်မှာ ဆုလက်ခံရယူပြီးနောက် သူမရဲ့ဘေးကနေ ခွေးလေးဂျက်စတင်က အမြီးလေးတွန့်ကာ ဒီပလိုမာဘွဲ့ကို ပါးစပ်နဲ့ ဆွဲယူခဲ့ရာမှာတော့ ခန်းမအတွင်းမှာရှိတဲ့ မိသားစုတွေနဲ့ ဘွဲ့ရကျောင်းသား၊ ကျောင်းသူတွေက ကျယ်လောင်စွာ ကြွေးကြော်ပြီး အားပေးခဲ့ကြပါတယ်။

ခွေးလေး ဂျက်စတင်ဟာ မာရီယာနီနဲ့အတူ အတန်းတွေအားလုံးကို တက်ရောက်ခဲ့တဲ့အတွက် ခုလိုဒီပလိုမာချီးမြှင့်ခံရတာဖြစ်တယ်လို့ ဆီတွန်ဟောတက္ကသိုလ်က တွစ်တာကနေတစ်ဆင့် ပြောကြားခဲ့ပါတယ်။

အခကြေးငွေမယူဘဲ လေ့ကျင့်သင်ကြားပေးထားတဲ့ ဝန်ဆောင်မှုခွေးလေးတွေကို မသန်စွမ်းသူတွေရဲ့ဘဝကို မြှင့်တင်ပေးနိုင်ဖို ကူညီထောက်ပံ့တဲ့ အမျိုးသားအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Canine Companions ကနေ မာရီယာနီဟာ ခွေးလေး ဂျက်စတင်ကို ရရှိခဲ့တာဖြစ်ပြီး ဂျက်စတင်ဟာ သူမရဲ့ ဒုတိယမြောက် ဝန်ဆောင်မှုပေးတဲ့ ခွေးလေးဖြစ်တယ်လို့လည်း သိရပါတယ်။

ခွေးလေး ဂျက်စတင်ဟာ မာရီယာနီ ပိုမိုလွတ်လပ်စွာ သွားလာနေထိုင်ရေး ကူညီဖို့အတွက် တာဝန် ၄၅ ခု ကျော်ကိုသင်ယူခဲ့တယ်လို့ Canine Companions ရဲ့ ဒုတိယဥက္ကဌ Jeanine Konopelski ရဲ့ အဆိုအရ သိရပါတယ်။

အခုမှာတော့ မာရီယာနီဟာ မူလတန်းကျောင်းနဲ့ အထူးပညာရေးကို သင်ကြားပေးဖို့ စီစဉ်နေပြီး ခွေးလေး ဂျက်စတင်ဟာ သူမ အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေ လုပ်ကိုင်နေစဉ်မှာလည်း သူမဘေးမှာ ရှိနေဦးမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

Ref; WION

Leave a Reply

Your email address will not be published. Required fields are marked *