MT News

Written by Peya

ဂျပန်နိုင်ငံသို့ အသက် ၄၀ အရွယ် ပတ်ချာလည်ရှိသူများလည်း သွားရောက်နိုင်ပြီး သက်ကြီးရွယ်အို စောင့်ရှောက်ရေး လုပ်ငန်းများအတွက် ပိုမိုသင့်တော်သည်ဟု Silver Crane ပြည်ပအလုပ်အကိုင် အေဂျင်စီမှ မန်နေးဂျင်းဒါရိုက်တာ ဦးစိုင်းစည်သူက MT News သတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် ဂျပန်နိုင်ငံသို့ မြန်မာနိုင်ငံမှ အလုပ်လုပ်ရန်၊ ကျောင်းတက်ရန် သွားရောက်သူလည်း များပြားနေကာ ၂၀၂၂ ခုနှစ် မတ်လ ၁ ရက်မှ ယနေ့အထိ အလုပ်သင် ဗီဇာနှင့် ကျွမ်းကျင်ဗီဇာတို့ဖြင့် ဂျပန်နိုင်ငံသို့ သွားရောက်သူ မြန်မာအလုပ်သမား စေလွှတ်မှုမှာ လူဦးရေ ၁၆၀၀၀ ကျော် ရှိနေပြီဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

“အသက် ၄၀ လောက်အထိက သွားလို့ရတယ်။ ငယ်တဲ့သူနဲ့ ကြီးတဲ့သူဆိုရင်တော့ အလုပ်ရှင်သဘောအရ ငယ်တဲ့သူပဲ ဦးစားပေးတာပေါ့။ အသက်သတ်မှတ်ချက်တော့ မရှိပါဘူး။ ကျွမ်းကျင်ရင် ကျွမ်းကျင်သလို အခွင့်အရေး ပိုရှိပါတယ်။ အဓိကကတော့ ကျွမ်းကျင်ဖို့ပဲ လိုတာ” ဟု ဦးစိုင်းစည်သူက ဆိုသည်။

အရေးအကြီးဆုံးမှာ ဂျပန်ဘာသာစကားကို တတ်ကျွမ်းရန်နှင့် အရည်အချင်းအပေါ်တွင် မူတည်ကြောင်းလည်း ၎င်းက ဆိုသည်။

“ကောင်းတာကတော့ ဘိုးဘွားရိပ်သာ (သက်ကြီးရွယ်အိုစောင့်ရှောက်ရေး) က အကောင်းဆုံးပဲ။ ဘိုးဘွားရိပ်သာနဲ့ သွားတာက ရှင်းရှင်းပြောရရင် သူတို့လည်း ခွန်အား စိုက်စရာ မလိုဘူး။ ပြီးတော့ အသက်အရွယ်အပိုင်းအခြား အရ သူတို့ရဲ့ ရင့်ကျက်လာတဲ့အပေါ် မူတည်ပြီး လုပ်ငန်းခွင် အခက်အခဲလည်း အလွယ်တကူ ကျော်ဖြတ်နိုင်တာပေါ့” ဟု ဦးစိုင်းစည်သူက ရှင်းပြသည်။

Leave a Reply

Your email address will not be published. Required fields are marked *