MT News

Written by Nay Aung

ဖိလစ်ပိုင်နိုင်ငံရှိ အွန်လိုင်းဂိမ်းလုပ်ငန်းများ ဆောင်ရွက်နေသည့် ကုမ္ပဏီကြီးတစ်ခုတွင် အတင်းအကြပ်စေခိုင်းခံနေရသော မြန်မာနိုင်ငံသားများကို ပြန်လည်ကယ်တင်ပေးခဲ့ပြီး ပြီးခဲ့သောရက်ပိုင်းတွင် အမိ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း မနီလာမြို့ရှိ မြန်မာသံရုံးက သတင်းထုတ်ပြန်လိုက်သည်။

ဖိလစ်ပိုင်နိုင်ငံ၊ ပမ်ပန်ဂါပြည်နယ်၊ မာဘလာကတ်မြို့အနီးရှိ အွန်လိုင်းဂိမ်းလုပ်ငန်းများ ဆောင်ရွက်နေသည့်ကုမ္ပဏီကြီးတစ်ခုတွင် အတင်းအကြပ်စေခိုင်းခံနေရသည့် နိုင်ငံခြားသားများရှိကြောင်း သတင်းရရှိသဖြင့် ဖိလစ်ပိုင်အမျိုးသားရဲတပ်ဖွဲ့မှ ဦးဆောင်ပြီး လူကုန်ကူးမှုတိုက်ဖျက်ရေး စစ်ဆင်ရေးတစ်ရပ် ဆောင်ရွက်ခဲ့ကာ မေလ ၄ ရက်နေ့တွင် စီးနင်းရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဖိလစ်ပိုင်ရဲတပ်ဖွဲ့က စီးနင်းရှာဖွေချိန်အတွင်း နိုင်ငံခြားသားစုစုပေါင်း ၁၁၃၇ ဦးအား ကယ်ထုတ်နိုင်ခဲ့ပြီး အဆိုပါနိုင်ငံခြားသားများတွင် မြန်မာနိုင်ငံသား ၄၂ ဦး ပါဝင်ခဲ့ကြောင်း သိရသည်။ ဖိလစ်ပိုင်ရဲတပ်ဖွဲ့က ပြန်ကယ်တင်ပေးခဲ့သောသူများထဲတွင် အင်ဒိုနီးရှား၊ ထိုင်း၊ ဟောင်ကောင်၊ ဗီယက်နမ်၊ နီပေါ၊ မလေးရှား၊ ဖိလစ်ပိုင်၊တရုတ်နိုင်ငံသားများ ပါဝင်ခဲ့ကြောင်း သိရသည်။

အဆိုပါ နိုင်ငံခြားသားများသည် အွန်လိုင်းလုပ်ငန်းများတွင် လိမ်လည်မှုကျူးလွန်သော လုပ်ငန်းများကို အဓိကထားလုပ်ကိုင်ရပြီး ၎င်းတို့နှင့် နိုင်ငံတူ နိုင်ငံသားများကိုပစ်မှတ်ထားကာ လိမ်လည်ခြင်းများလုပ်ဆောင်ရကြောင်း ဖိလစ်ပိုင်ရဲတပ်ဖွဲ့က ပြောသည်။ ဖိလစ်ပိုင်အမျိုးသားရဲတပ်ဖွဲ့မှကယ်တင်ပေးခဲ့သည့် မြန်မာနိုင်ငံသား ၄၂ ဦးကို မြန်မာနိုင်ငံသို့ အမြန်ဆုံး ပြန်လည်ပို့ဆောင်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့ရာ မြန်မာ နိုင်ငံသား ၂၀ ဦးကို ပြီးခဲ့သောရက်ပိုင်းတွင် ပြန်ပို့နိုင်ခဲ့ကြောင်း သိရသည်။ ဖိလစ်ပိုင်အာဏာပိုင်များက မြန်မာနိုင်ငံသို့ ပြန်ပို့ခဲ့သောသူများထဲတွင် အမျိုးသမီး ၁၅ ဦးနှင့်အမျိုးသား ၅ ဦးတို့ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

ဖိလစ်ပိုင်ရဲတပ်ဖွဲ့မှ ပြန်လည်ကယ်တင်ထားသော မြန်မာနိုင်ငံသား ၄၂ ဦးအနက်၂၀ ဦးကို မိခင်နိုင်ငံသို့ ပြန်ပို့ခဲ့သည့်အတွက် ဖိလစ်ပိုင်နိုင်ငံတွင် မြန်မာနိုင်ငံသား ၂၂ ဦး ကျန်ရှိနေသေးကြောင်း သိရသည်။ မြန်မာသံရုံးက လက်ရှိအချိန်တွင် မိခင်နိုင်ငံသို့ ပြန်ပို့ရန်ကျန်ရှိနေသော မြန်မာနိုင်ငံသားများကို ဆောလျင်စွာ ပြန်လည်ပို့ဆောင်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ဆက်လက်ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Ref——-philippine news

Leave a Reply

Your email address will not be published. Required fields are marked *