April 26, 2024

၂၁.၅. ၂၀၂၃
Written by Phyo Wei

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ကျပ်ဘီလျံ ၄၀၀ ထက် ကျော်လွန်ထုတ်ချေးပေးထားပြီးဖြစ်လို့ ပမာဏကျော်လွန် ထုတ်ချေးထားတဲ့ ချေးငွေတွေကို အရင်း/အတိုး ပြေကျေစွာ ပြန်ဆပ်ကြဖို့ စိစစ်ဆောင်ရွက်တော့မဲ့ ဒီရက်သတ္တပတ်ဟာ မြန်မာနိုင်ငံမှာတော့ မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် လူ ၁၅၀ လောက်သေပြီး အိမ်ခြေ ၂ သိန်းလောက် ပျက်စီးခဲ့ရတာကို ပြန်လည်နိုးထနိုင်ဖို့ ကြိုးစားနေရချိန်ပါ။ တစ်ဖက်မှာလည်း ထုံးစံအတိုင်းပဲ မိုခါဆိုင်ကလုန်းဒဏ်ခံနေရတဲ့ မြန်မာပြည်သူတွေ ပြန်လည်ထူထောင်ဖို့အတွက် ဒေါ်လာသန်းရာချီ အကူအညီလိုအပ်နေပေမဲ့လည်း ဒေါ်လာသိန်းဂဏန်းလောက်ကိုတောင်မှ INGO တွေကတစ်ဆင့် ဘင်္ဂါလီတွေကို အဓိကပေးမှာဖြစ်လို့ မျောက်ပြဆန်တောင်း ဒီလုပ်ရပ်မှာ INGO တစ်ဝက် ဘင်္ဂါလီတစ်ဝက်ဖြစ်ဦးမဲ့ ရက်သတ္တပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်အဖြစ်တော့ ဆန်စပါးစျေးတက်တာ ထိန်းချုပ်ဖို့ အိတ် ၁၀၀၀ အထက်သိုလှောင်ရင် မှတ်ပုံတင်ရမယ်ဆိုတဲ့အကြောင်း၊ ကုလသမဂ္ဂကတောင် ထုတ်ပြောရတဲ့ ရခိုင်ပြည်နယ်ရဲ့ မိုခါအပြီး ကုန်စျေးနှုန်းမြင့်တက်မှုတွေအကြောင်းနဲ့ အမေရိကန်ရဲ့မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုကို အမေရိကန်ကုမ္ပဏီတွေက ချိုးဖောက်ပြီး မြန်မာ့ကျွန်းသစ်တွေ ခိုးသွင်းကြတဲ့အကြောင်းတွေကို တင်ပြချင်ပါတယ်။

“ဆန်စပါးစျေးတက်တာ ထိန်းချုပ်ဖို့ အိတ် ၁၀၀၀ အထက်သိုလှောင်ရင် မှတ်ပုံတင်ရမဲ့ အခြေအနေ”

ဆန်စပါးစျေးကွက်ကို ထိန်းကျောင်းနိုင်ဖို့ ပြည်တွင်းမှာ ဆန်အိတ် ၁,၀၀၀ (တန်ချိန် ၅၀) အထက် သိုလှောင်မယ်ဆို မှတ်ပုံတင်ဖို့ ကန့်သတ်မှုစတင်တော့မှာပါ။ အခက်အခဲ အကြပ်အတည်းတွေ ရှိနေပေမဲ့ မြန်မာနိုင်ငံရဲ့ ဆန်စျေး၊ စပါးစျေးဟာ စိုက်ပျိုးတဲ့တောင်သူတွေ လက်ထဲမှာစျေးတက်တာ မဟုတ်ဘဲ လှောင်ပြီး စျေးကစားတဲ့ ကုန်သည်တွေလက်ထဲကို ရောက်တဲ့အချိန်မှ စျေးတက်တာဖြစ်သလို တရုတ်ကုမ္ပဏီတချို့ကလည်း မြေပြင်အထိဆင်းဝယ်ပြီး စျေးကစားတာမျိုးတွေ လုပ်တာ​ကြောင့် မြန်မာ့ဆန်စျေး တက်သင့်တာထက် တက်နေတာပါ။ လက်ရှိအချိန်မှာ ပြီးခဲ့တဲ့ ၂၀၂၂ ကာလတူက ဆန်စျေးထက် လက်ရှိဆန်စျေးက တစ်အိတ်ကို အနည်းဆုံး ကျပ် ၃၅၀၀၀ ကနေ ကျပ် ၇၀၀၀၀ ကြားမြင့်တက်နေတာကြောင့်မို့လို့လည်း ပြည်သူတွေကြားမှာ ပိုပိုကျပ်တည်းလာနေရတာပါ။

ဒီအခြေအနေကို ထိန်းနိုင်ဖို့ စတင်လုပ်ဆောင်မဲ့ ဆန်အိတ် ၁,၀၀၀ (တန်ချိန် ၅၀) အထက် သိုလှောင်မယ်ဆို မှတ်ပုံတင်ဖို့ ကန့်သတ်မှုမှာ ပါဝင်တဲ့အဖွဲ့အစည်းတွေဖြစ်တဲ့ စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၊ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆန်စပါးထုတ်လုပ်သူများအသင်း၊ ဝါးတန်းဆန်စပါးကုန်စည်ဒိုင်၊ ဘုရင့်နောင်ဆန်စပါးကုန်စည်ဒိုင်၊ မြန်မာကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်လုပ်ငန်းလီမိတက် စတဲ့ အစိုးရ-ပုဂ္ဂလိက လုပ်ငန်းအဖွဲ့ကိုယ်စားလှယ်တွေက ဘယ်လောက်ထိန်းကျောင်းနိုင်မလဲဆိုတာတော့ စောင့်ကြည့်ရဦးမှာပါ။

“ကုလသမဂ္ဂ ထုတ်ပြောရတဲ့ မိုခါအပြီး ရခိုင်ပြည်နယ်ရဲ့ ကုန်စျေးနှုန်းမြင့်တက်မှု”

အမျိုးချစ်တဲ့ ရခိုင်သားဆို​ပြီး ကြွေးကြော်တတ်ကြတဲ့ ရခိုင်တွေအနေနဲ့ ရခိုင်ပြည်သူတွေ မိုခါကြောင့် ဒုက္ခကြုံနေချိန်မှာ ကုန်စျေးနှုန်းတွေ မတက်ဖို့ အများကဝိုင်းပြီး မေတ္တာရပ်ခံပေမဲ့လည်း တကယ်တမ်းကျ ဘယ်သူကမှ အဖက်မလုပ်ဘဲ ကုန်စျေးနှုန်းတွေ အဆမတန်မြှင့်ထားတာကြောင့် ကုလသမဂ္ဂအဖွဲ့အစည်းဖြစ်တဲ့ OCHA က​ကို ရခိုင်ပြည်နယ်မှာ ကုန်စျေးနှုန်းမြင့်တက်မှုတွေအကြောင်း ဝင်ပြောခဲ့ရတာပါ။

ရခိုင်ပြည်နယ်မှာ တာပေါ်လင်စတွေ၊ အလူမီနီယံတွေ၊ သံတွေ စတဲ့ အခြေခံအိမ်ဆောက်ပစ္စည်း ဈေးနှုန်းတွေ ပိုတက်နေတာ ဖြစ်ပြီး တာပေါ်လင်စ တစ်ရွက်စျေးဟာ မုန်တိုင်း မတိုင်ခင်က မြန်မာကျပ်ငွေ ၄၀၀၀၀ ပဲပေါက်ဈေးရှိပေမယ့် လက်ရှိမှာ မြန်မာကျပ်ငွေ ၉၇၀၀၀ အထိပေါက်ဈေးရှိနေသလို ဆန်တစ်အိတ်ဈေးနှုန်းဟာလည်း မုန်တိုင်းမဖြစ်ပွားခင်က မြန်မာကျပ်ငွေ ၈၀၀၀၀ လောက် ရှိတာမှာ လက်ရှိမတော့ မြန်မာကျပ်ငွေ ၁၂၀၀၀၀ အထိ ပေါက်ဈေးရှိနေပြီး အခြေခံစားသောက်ကုန်ဈေးတက်တာက မိသားစုများသူတွေအတွက် အခက်အခဲ အများကြီး ဖြစ်စေတယ်လို ကုလသမဂ္ဂရဲ့ လူသားချင်းဆိုင်ရာစာနာမှုအကူညီပေးရေး ပူးပေါင်းဆောင်ရွက်မှုရုံး (OCHA) က ဆိုပါတယ်။ ဒါ့အပြင် အရင်ရက်ကလည်း ဓာတ်ဆီ၊ ဒီဇယ်တစ်လီတာကို ကျပ် ၃၅၀၀၊ ၄၀၀၀ အထိ မြင့်တက်သွားသေးပေမဲ့လည်း အစိုးရဘက်က လီတာသန်းနဲ့ချီ ဆက်တိုက်တင်ပို့နေတာကြောင့် ဆီစျေးကတော့ တစ်လီတာ ကျပ် ၂၂၀၀ လောက်အထိ ပြန်ကျသွားပါတယ်။ မိုခါကြောင့် ထိခိုက်ရတဲ့ ဒေသတွေ ပြန်လည်နိုးထပြီး ပုံမှန်ကုန်စျေးနှုန်းအခြေအနေတစ်ခုကို မကြာခင်ဖြစ်လာမှာဖြစ်ပေမဲ့ အမျိုးဘယ်လောက်ချစ်ချစ် ကိုယ့်လောဘနဲ့ အကျိုးစီးပွားနဲ့ ယှဉ်လာရင်တော့ အမျိုးလည်း မချစ်တော့ဘဲ ဝိသမလောဘတွေနဲ့ လုပ်စားကြတာမြင်ရတာတော့ စိတ်ပျက်ဝမ်းနည်းစရာပါ။

“အမေရိကန်ရဲ့ ပိတ်ဆို့မှုအပေါ် အမေရိကန်ကုမ္ပဏီတွေ ချိုးဖောက်ပြီး မြန်မာ့ကျွန်းသစ်ခိုးသွင်းမှုအခြေအနေ”

အမေရိကန်ဟာ စစ်အာဏာရှင်တွေနဲ့ သူတို့နဲ့ ဆက်နွှယ်နေသူတွေ အကျိုးစီးပွားဖြစ်ထွန်းနေတာကို ကန့်သတ်ဖို့အတွက် မြန်မာကျောက်မျက်နဲ့ ကျွန်းသစ်ကို ပိတ်ဆို့အရေးယူတာပါလို့ စာရွက်ပေါ်မှာ အကြောင်းပြချက်ပေးပေမဲ့ မြေပြင်မှာတော့ ကမ္ဘာ့ကကြိုက်တဲ့ မြန်မာ့ကျောက်မျက်ကို ပိတ်ဆို့မှုဖွင့်ပေးလိုက်လို့ ကမ္ဘာသိစျေးကွက်ဖြစ်သွားရင် သူ့နိုင်ငံထဲကို စျေးချိုချိုနဲ့ မှောင်ခိုဝင်နေတဲ့ မြန်မာ့ကျောက်မျက်တွေ အချောင်နှိုက်မရတော့မှာစိုးရိမ်တာကြောင့် ကန့်သတ်ထားခဲ့တာပါ။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလပိုင်းထဲမှာဆို ကမ္ဘာကျော်အဆိုတော် ရီဟန်းနားက အမေရိကန်ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲပထမပိုင်းအပြီး ဖျော်ဖြေချိန်မှာ နယူးယော့ခ်က ဝယ်ထားတဲ့ ဒေါ်လာတစ်သန်းတန် မြန်မာ့ပတ္တမြားကို ဝတ်ဆင်သီဆိုခဲ့ပါတယ်။ ဒီလိုမျိုးဝတ်တဲ့အတွက် Justice For Myanmar က ရီဟန်းနားကို ကန့်ကွက်ခဲ့သလို အမေရိကန်ရဲ့ ဆိုင်တွေမှာ မြန်မာ့ကျောက်မျက်တွေ ဆက်လက်တင်သွင်းရောင်းချနေတာတွေကို ပိတ်ပင်ဖို့ပါ တောင်းဆိုခဲ့ပါတယ်။ တကယ်တော့ အမေရိကန်မှာ ရောင်းချနေတဲ့ မြန်မာကျောက်မျက်တွေဟာ မှောင်ခိုစျေး၊ သူခိုးစျေးတွေကနေ အောက်စျေးနဲ့ ဝယ်ထားတာတွေပါ။ ဒါမျိုး စျေးချောင်နှိုက်ချင်လို့လည်း အမေရိကန်က မြန်မာ့ကျောက်မျက်တွေကို ပိတ်ဆို့ပြီး ကမ္ဘာ့အလယ် မြန်မာ့ကျောက်မျက်စျေးကွက်ဆိုပြီး မထယ်ဝါနိုင်အောင် လုပ်ဆောင်ထားတာမို့လို့ JFM တင်မက တစ်ကမ္ဘာလုံးက ဝိုင်းပြောရင်တောင် သူ့အကျိုးစီးပွားထိခိုက်လာရင် ဘယ်သူ့မှ လှည့်မကြည့်တတ်တဲ့ အမေရိကန်က လက်ခံမှာမဟုတ်တာတော့ အသေအချာပါ။ ဒီလိုပါပဲ။ အမေရိကန်ဟာ သူလိုချင်တဲ့ မြန်မာ့ကျွန်းသစ်ကိုလည်း သူ့နိုင်ငံကို တန်ချိန်ထောင်ချီခိုးသွင်းနေတာကို မသိကျိုးကျွံပြုထားပြီး မြန်မာ့သယံဇာတတွေကို ကုပ်သွေးစုပ်နေတာမြင်ရပြီး ဒီ့အတွက်လူပြိန်းကြိုက်ဆင်ခြေကတော့ စစ်အာဏာရှင်တွေအကျိုးဖြစ်ထွန်းမှာစိုးလို့ပိတ်ထားတယ်ဆိုပေမဲ့ ဒီလိုပိတ်ထားမှာ သူတို့စျေးချိုချိုနဲ့ ခိုးသွင်းလို့ရဖို့ပိတ်တာ သူတို့ကိုယ်ကျိုးရှာနေတာဟာ စေ့စေ့တွေးရင် ရေးရေးပေါ်လာမှာပါ။

လက်ရှိမှာဆိုရင်လည်း အမေရိကန် ကုမ္ပဏီတွေဟာ မြန်မာနိုင်ငံအပေါ် အမေရိကန်အစိုးရက ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေကို ချိုးဖောက်ပြီး မြန်မာနိုင်ငံက ကျွန်းသစ်အပါအဝင် သစ်တွေကို အမေရိကန်နိုင်ငံအတွင်း တင်သွင်းနေတယ်လို့ ဗြိတိန်နိုင်ငံအခြေစိုက် Environmental Investigation Agency (EIA) အဖွဲ့က သတင်းထုတ်ပြန်လာပါတယ်။ EIA အဆိုအရ အမေရိကန်အခြေစိုက် East Teak Fine Hardwoods Inc ကုမ္ပဏီက မြန်မာ့ကျွန်းသစ်တန်ချိန် ၁၂၈၅ ဒသမ ၃၅ တန်၊ J. Gibson McIlvain Co Inc ကုမ္ပဏီက မြန်မာနိုင်ငံက ကျွန်းသစ်တန်ချိန် ၁၁၄၈ ဒသမ ၁၂ တန်နဲ့ Florida Teak ကုမ္ပဏီက မြန်မာနိုင်ငံဆီက ကျွန်းသစ်တန်ချိန် ၁၅၁ ဒသမ ၈၅ တန် တင်သွင်းခဲ့တာပါ။ မြန်မာ့ကျွန်းသစ်ဟာ အမေရိကန်လိုနိုင်ငံမျိုးကတောင် ခိုးသွင်းနေတဲ့အခြေအနေမျိုးဖြစ်နေချိန်မှာ မြန်မာနိုင်ငံက သစ်တောတွေက ၂၀၃၅ ခုနှစ်မှာ ပျောက်ကွယ်သွားဖွယ်ရှိနေတဲ့အခြေအနေနဲ့ ရင်ဆိုင်နေရတာတောင် အခုတောင် စံချိန်တင်အပူလွန်ကဲ​မှုဒဏ်ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံအတွက်တော့ ရင်လေးစရာပါလို့ တင်ပြရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News