၂၁. ၅. ၂၀၂၃
Written by Nay Aung

ဂျပန်နိုင်ငံအနေဖြင့် မိုခါမုန်တိုင်းဒဏ်တွေ့ကြုံခဲ့ရသော မြန်မာပြည်သူများကို လူသားချင်းဆိုင်ရာ စာနာမှုအကူအညီများကူညီပေးစေလိုကြောင်းအင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုက တိုက်တွန်းပြောဆိုလိုက်သည်။

အင်ဒိုနီးရှားသမ္မတသည် ဂျပန်နိုင်ငံတွင်ကျင်းပနေသော G7 အဖွဲ့ဝင်နိုင်ငံများ အစည်းအဝေးသို့ တက်ရောက်လာချိန်အတွင်း မြန်မာနိုင်ငံကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရန် တိုက်တွန်းပြောဆိုခဲ့ခြင်းဖြစ်ကြောင်း အင်ဒိုနီးရှားမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

အင်ဒိုနီးရှားသမ္မတရုံးက “သမ္မတဝီဒိုဒိုဟာ မြန်မာနိုင်ငံကို လူသားချင်းဆိုင်ရာ စာနာမှုအကူအညီများပေးဖို့ ဂျပန်နိုင်ငံကို အာဆီယံရဲ့ AHA Center ကတစ်ဆင့် ကူညီလှူဒါန်းပေးဖို့ တောင်းဆိုခဲ့ပါတယ်” ဟု ပြောသည်။

AHA Center သည် အာဆီယံ၏ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဆိုင်ရာ လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေးအတွက် ပူးပေါင်းဆောင်ရွက်နေသောအဖွဲ့ဖြစ်ပြီး မြန်မာနိုင်ငံအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရန် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်းသိရသည်။ အဆိုပါ  AHA Center ကို အာဆီယံအဖွဲ့ဝင် နိုင်ငံများဖြင့် ဖွဲ့စည်းထားပြီး မြန်မာနိုင်ငံအပေါ် လူသားချင်းဆိုင်ရာ စာနာမှုအကူအညီပေးရန် အဓိကလုပ်ဆောင်နေသောအဖွဲ့အစည်းဖြစ်သည်။

အင်ဒိုနီးရှား သမ္မတသည် မေလ ၂၀ က ဂျပန်နိုင်ငံ ဟီရိုရှီးမား မြို့ Grand Prince ဟိုတယ်တွင် ဂျပန်ဝန်ကြီးချုပ် ဖူမီအို ကီရှီဒါ နှင့်တွေ့ဆုံဆွေးနွေးချိန်အတွင်း မြန်မာနိုင်ငံကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရန် တိုက်တွန်းတောင်းဆိုခဲ့သလို အင်ဒို- ပစိဖိတ်ဒေသနှင့်ပတ်သက်ပြီး အာဆီယံအဖွဲ့၏အမြင်များကို ဂျပန်နိုင်ငံက ကူညီထောက်ပံ့ပေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။

မေလ ၁၄ ရက်နေ့က ဝင်ရောက်တိုက်ခတ်ခဲ့သော မိုခါမုန်တိုင်းသည် မြန်မာနိုင်ငံအတွက် လူသားချင်းဆိုင်ရာစာနာမှုအခက်အခဲများ ပိုမိုဖြစ်လာစေခဲ့ကြောင်း သိရသည်။ အာဆီယံအဖွဲ့သည် လက်ရှိအချိန်တွင် မြန်မာနိုင်ငံကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရန် စီစဉ်နေပြီး ယနေ့တွင် အာဆီယံ၏ အကူအညီပေးရေးလေယာဉ် မြန်မာနိုင်ငံသို့ ရောက်ရှိလာဖွယ်ရှိနေကြောင်းအင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

မိုခါမုန်တိုင်းကြောင့် မြန်မာနိုင်ငံတွင် လူပေါင်း ၈ သိန်းခန့် အရေးပေါ်အစားအစာအကူအညီများလိုအပ်နေသလို အခြား အကူအညီများလည်း လိုအပ်လျက်ရှိနေကြောင်း ကုလသမဂ္ဂ ၏ စားနပ်ရိက္ခာအစီအစဉ်က ပြောသည်။ မိုခါမုန်တိုင်းတိုက်ခတ်ခဲ့ပြီးနောက် မြန်မာနိုင်ငံအပေါ် အိန္ဒိယ၊ တရုတ်နိုင်ငံတို့က လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးထားသလိုထိုင်းနိုင်ငံနှင့် အာဆီယံကလည်း အကူအညီများထပ်မံပေးရန် စီစဉ်နေသော်လည်း ဂျပန်နိုင်ငံက ကူညီပေးခြင်းမရှိသေးကြောင်း သိရသည်။

Ref—tempo

Leave a Reply

Your email address will not be published. Required fields are marked *