၂၁. ၅. ၂၀၂၃
Written by Ye Kyaw

တိုက်ကြီးနှင့်တွံ့တေးမြို့နယ်တို့တွင် မွေးမြူရေးဇုန်များ ဖော်ထုတ်ရန် ‌ လျာထားဆောင်ရွက်လျက်ရှိပြီး ရန်ကုန်တိုင်းအတွင်း စိုက်ပျိုးမြေများ လျော့နည်းမှုမရှိစေရေး အခြားနည်းဖြင့် အသုံးပြုခြင်းများကို ခွင့်မပြုရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

မေလ ၂၀ ရက်တွင် ညောင်နှစ်ပင် စိုက်ပျိုးမွေးမြူရေးဇုန်အတွင်း စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ညောင်နှစ်ပင်ကျေးရွာအနီးရှိ Korea-Myanmar Industrial Complex (KMIC) လုပ်ငန်းဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှု့စစ်ဆေးစဉ် (SAC)ဥက္ကဋ္ဌက ပြောကြားခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ သွားရောက်စစ်ဆေးစဉ် ရန်ကုန်တိုင်းဒေသကြီး၌ တစ်လအတွင်းနှင့် တစ်နှစ်အတွင်း အသား၊ ငါးထုတ်လုပ်နိုင်မှုနှင့် စားသုံးနိုင်မှုပျမ်းမျှစစ်တမ်းအရ တွက်ချက်ထားရှိမှု၊ စိုက်ပျိုး မွေးမြူရေးအထူးဇုန်အတွင်း လမ်းများစနစ်တကျရှိစေရေး ပြုပြင်ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် စိုက်ပျိုးမွေးမြူရေးဇုန်ကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အခြေအနေများ၊ တိုက်ကြီးမြို့နယ်နှင့် တွံတေးမြို့နယ်တို့၌ မွေးမြူရေးဇုန်များ ဖော်ထုတ်နိုင်ရေးလျာထား ဆောင်ရွက်လျက်ရှိမှုတို့ကို ရန်ကုန်တိုင်းဒသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက ရှင်းလင်းတင်ပြသည်။

ထို့အပေါ် စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်ရန်အတွက် ခွင့်ပြုပေးထားသည့် မြေများကို ပြည့်ဝစွာစိုက်ပျိုးမွေးမြူရန်နှင့် စိုက်ပျိုးမွေးမြူရေးနှင့်မသက်ဆိုင်သည့် မြေအသုံးချမှုများမရှိစေရေး တာဝန်ရှိသူများကစနစ်တကျ ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း၊ ပုဂ္ဂလိကစီးပွားရေးလုပ်ကိုင်သူများအနေဖြင့် နိုင်ငံတော်မှခွင့်ပြုပေးထားသည့် စိုက်ပျိုး မွေးမြူရေးမြေနေရာများပေါ်တွင် အမှန်တကယ်စိုက်ပျိုးမွေးမြူမှုများဆောင်ရွက်စေရေး စည်းကမ်းနှင့်အညီ ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း၊ စိုက်ပျိုးရေးမြေများကို အကျိုးရှိရှိ အသုံးချစေရမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

Korea- Myanmar Industrial Complex (KMIC) စီမံကိန်းနှင့်ပတ်သက်ပြီး စီမံကိန်းများ အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်ရာတွင် လုပ်ငန်းများလျင်မြန်စွာဆောင်ရွက်နိုင်ရန် Infrastructure များ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရန်လိုကြောင်း၊ စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ပြီးချိန်တွင် အလုပ်သမားများအတွက် စားသောက်ရေး၊ နေထိုင်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကိုလုံလောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်မည့် ဆေးရုံများတည်ဆောက်ခြင်းကိုကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရန်လိုကြောင်း၊ စီမံကိန်းအကောင်အထည် ဖော်ရာတွင်လည်း ပတ်ဝန်းကျင်စိမ်းလန်း စိုပြည်ရေးအတွက် သစ်ပင်များကို ကြိုတင်စိုက်ပျိုးရန်နှင့် Green Zone များ သတ်မှတ်၍ဆောင်ရွက်ရန်လိုကြောင်း၊ လမ်းများ၏ဘေးတစ်ဖက်တစ်ချက်တွင်လည်း သစ်ပင်များကိုစနစ်တကျ စိုက်ပျိုးရန်နှင့် ဓာတ်ကြိုး သွယ်တန်းမှုများကို စနစ်တကျရှိစေရေး ဆောင်ရွက်ရန်လိုကြောင်း၊ စီမံကိန်းဆောင်ရွက်မည့်နေရာသို့ဝင်ရောက်မည့်လမ်းများကိုလည်း စနစ်တကျဖြင့် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရန် လိုကြောင်း၊ စီမံကိန်းကို အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရေး သက်ဆိုင်ရာကုမ္ပဏီများနှင့် ဆက်သွယ်ဆောင်ရွက်ရန်လိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *