၁. ၅. ၂၀၂၃
Written by Phyo Wei

အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ဖြစ်တဲ့ မေ ၃ ရက် မတိုင်ခင် Pen America က ထုတ်ပြန်တဲ့ သတင်းစာဆရာတွေ ထောင်အများဆုံးကျတဲ့ နိုင်ငံစာရင်းမှာ မြန်မာနိုင်ငံက ကမ္ဘာ့အဆင့် ၄ မှာ ရပ်တည်ခဲ့သလို မြန်မာနိုင်ငံအတွင်းက NUG အပါအဝင် လက်နက်ကိုင်အားလုံးရဲ့ အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့ ဘန်ကီမွန်းက တောင်းဆိုသွားတဲ့ ဒီရက်သတ္တပတ်မှာ မြန်မာနိုင်ငံက တရုတ်သမ္မတရှီကျင့်ဖျင်ရဲ့ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံ (Global Security Initiative-GSI)အပေါ် ထောက်ခံကြိုဆိုကြောင်းနဲ့ တရုတ်အပါအဝင် ကမ္ဘာ့နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်လိုကြောင်းလည်း ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် အင်ဒိုနီးရှားနိုင်ငံက အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ်တာဝန်ယူချိန်အတွင်း ကျင်းပမဲ့ ၂၀၂၃ ခုနှစ် အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာနိုင်ငံကို ဖိတ်ကြားမှာဖြစ်ပေမဲ့လည်း ပဋိပက္ခတွေဆက်လက်ဖြစ်ပွားနေတာကြောင့် နိုင်ငံရေးနဲ့မပတ်သက်သူကိုဘဲ စေလွှတ်ဖို့ ဖိတ်ကြားမယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောလာတဲ့ ဒီရက်သတ္တပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်အဖြစ်တော့ ပဇီကြီးရွာလေကြောင်းတိုက်ခိုက်ခံရမှုအတွက် ကျောင်းထိုင်ဆရာတော်တစ်ပါးအပါအဝင်လူလေးဦးကို ဖမ်းဆီးလိုက်တဲ့ NUG အကြောင်း၊ မုဒိမ်းကျင့် လူသတ်မှုကျုးလွန်နေတယ်လို့ ပေါ်ပေါက်တာတောင် အရေးမယူဘဲ လွှတ်ပေးထားခံရတဲ့ PDF တွေကို အရေးယူပေးဖို့တောင်းဆိုလာတဲ့အကြောင်းနဲ့ ရွေးကောက်ပွဲကျင်းပပေးဖို့ အချိန်ပြောဖို့မဖြစ်နိုင်သေးဘူးဆိုတဲ့အကြောင်းတွေကို တင်ပြချင်ပါတယ်။

ပဇီကြီးရွာလေကြောင်းတိုက်ခိုက်မှုအတွက် ကျောင်း ထိုင်ဆရာတော်အပါအဝင်လူလေးဦးကို ဖမ်းတဲ့ NUG

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်ခံမှုနဲ့ စပ်လျဉ်းပြီး တပ်မတော်ကို သတင်းပေးတယ်စွပ်စွဲပြီး ပဇီကြီးရွာဦးကျောင်းဆရာတော် ဦးတိက္ခ(ခ) ဦးသိန်းရွှေ (၅၃) နှစ် (ဘ)ဦးပဲ၊ ဦးချို (၆၁) နှစ်(ဘ)ဦးတင်၊ ဦးဇော်မင်း (ဘ) ဦးကျန်တင် (၃၆) နှစ်နဲ့ ဒေါ်ယဉ်ယဉ်ဝင်း (၃၀) နှစ်(ဘ)ဦးမြင့်စိုးတို့ကို NUG က ဖမ်းဆီးလိုက်ပါတယ်။ ကျောင်းထိုင်ဆရာတော်အပါအဝင် လေးဦးကို NUG ရဲ့ ကန့်ဘလူမြို့နယ်၊ ပြည်သူ့ရဲတပ်ဖွဲ့စခန်းက (ပ) ၁/၂၀၂၃ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၄ နဲ့ အမှုဖွင့်ထားပြီး တရားစွဲဖို့ ဆောင်ရွက်နေတယ်လို့ NUG က ပြောပါတယ်။

တကယ်တော့ တပ်မတော်က လေကြောင်းတိုက်ခိုက်တဲ့ ပဇီကြီးရွာဖြစ်စဉ်ရဲ့ အဓိကအချက်ကတော့ NUG ရဲ့ ပကဖ၊ ပအဖ၊ ပလဖ နဲ့ PDF တွေက ရပ်ရွာနေပြည်သူထဲမှာ လက်နက်ကိုင်ရုံးတွေဖွင့်တာကိုက ပြဿနာဖြစ်နေပြီး ပြည်သူကို ဓားစာခံလုပ်သလိုဖြစ်နေတာပါ။ SAC ကို လက်နက်စွဲကိုင်တော်လှန်တဲ့ NUG ရဲ့ အစုအဖွဲ့သာ ဆေးရုံတွေ၊ ဒုက္ခသည်စခန်းတွေ၊ ရွာတွေမှာ အထိုင်စခန်းတွေမဖွင့်ရင် ဒီလိုဖြစ်ရပ်တွေကြုံစရာမရှိသလို ဘယ် EAOs ကမှလည်း ရပ်ထဲရွာထဲ၊ ဒုက္ခသည်စခန်းထဲ၊ ဆေးရုံထဲ အခြေချ တပ်မတည်တာကို အတုယူနိုင်ရင် ပြည်သူက ဓားစာခံဖြစ်တာ လွတ်မှာပါ။ ပဇီကြီးရွာဖြစ်စဉ်မှာဆိုရင်လည်း ဒေသခံတွေရဲ့ Live တွေ အင်တာဗျုးတွေမှာကို NUG ရဲ့ ပကဖရုံးဖွင့်ပွဲဖြစ်ကြောင်း၊ လေယာဉ်တိုက်ခိုက်တဲ့နေရာမှာ PDF တွေ သင်တန်းပေးတဲ့နေရာပဲရှိကြောင်း၊ NUG ရဲ့ ပကဖတွေလှောင်ထားတဲ့ မိုင်းတွေ ဗုံးတွေ ဆက်ကွဲတာက တစ်နာရီခွဲကျော်ကြာကြောင်း၊ ကယ်ဆယ်ရေးလုပ်သူတွေက PDF တွေကို မင်းတို့က မိုင်းတွေထောင်ထားတော့ ငါတို့ကမသွားရဲဘူးကွလို့ ပြောနေတာတွေက အထင်ကရပါ။ ပြဿနာတိုင်းမှာ ဇာစ်မြစ်ရှာရမယ်ဆိုရင်တော့ NUG သာ ပြည်သူ့ရပ်ရွာကို လူသားဒိုင်းလို အကာအကွယ်မယူရင် ပဇီကြီးလို ဖြစ်ရပ်ဆိုး ထပ်မဖြစ်လာနိုင်တော့တာလည်း အသေအချာပါ။

မုဒိမ်းလူသတ် PDF တွေ အရေးယူပေးဖို့တောင်းဆိုမှု

ဒေသန္တရကာကွယ်ရေးတပ်တွေကို အနိုင်ကျင့်သတ်ဖြတ်နေတဲ့အပြင် မုဒိမ်းကျင့်၊ လူသတ်မှုပါ ကျုးလွန်နေတဲ့ PDF တွေ၊ ပကဖတွေကို NUG က အရေးယူပေးဖို့ လူဘောင်သစ်ပါတီအပြင် အရပ်ဘက်အဖွဲ့အစည်းရှစ်ဖွဲ့က NUG ကို ထပ်မံတောင်းဆိုလာပါတယ်။

NUG ဩဇာခံ ပအဖ၊ ပကဖ၊ PDF တွေက ဒေသန္တရကာကွယ်ရေးတပ်တွေကို အနိုင်ကျင့်တာ၊ ပြည်သူကို မုဒိမ်းကျင့် လူသတ်တဲ့ စတဲ့ လုပ်ရပ်များစွာ ကျုးလွန်နေပြီး ဒီလို တရားလက်လွန်ပြုမူနေတာကို အရေးယူပေးဖို့တောင်းဆိုတဲ့ အရပ်ဘက်အဖွဲ့အစည်းရှစ်ခုက Interim Basic Education School-Thingangyun Students’ Union၊ Ayeyarwaddy Youths’ Union (AYU)၊ United Charitable Youths Foundation၊ ဧရာဝတီတိုင်းလယ်သမားအင်အားစုများ (AYEYARWADDY FARMERS FORCE)၊ တိုးတက်သောလူငယ်များအစည်းအရုံး (ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ)၊ ပြည်သူ့ဝန်ထမ်းများသမဂ္ဂ၊ Power Of Education Students’ Union နဲ့ Youths’ Force in Ayeyarwaddy Region (YFAR) ပါ။

ဒီရှစ်ဖွဲ့တောင်းဆိုချက်မှာ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၇ ရက် ညနေပိုင်းက စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ထဲက ကျေးရွာတစ်ရွာအတွက် ရပ်ကျေးဖွဲ့ရာမှာ ပအဖ၊ ပလဖ၊ ပကဖတွေရဲ့ လုပ်ရပ်ကို မနှစ်သက်တာကြောင့် ပြည်သူ့ဆန္ဒနဲ့အညီ ပြန်လည်ဖွဲ့စည်းပေးဖို့ ပြည်သူတွေ ဆန္ဒပြခဲ့တာကို မြို့နယ်ပအဖတာဝန်ရှိသူက ဦးဆောင်သူ ၁၀ ဦးကို ” ဆန္ဒပြရင်ငြိမ်းစုစီဥပဒေအရ စာတင်ဖို့နဲ့ မတင်တဲ့အတွက် ထောင် ၃ လ ကျမယ် ” လို့ ခြိမ်းခြောက်တဲ့အပြင် ဆန္ဒပြပြည်သူတွေက NUG ကို ပုန်ကန်သူဖြစ်ပြီး အရေးယူမယ် ဖိအားပေးခြိမ်းခြောက်ခဲ့တာ တွေ့ရပါတယ်။

ဒါ့အပြင် ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၀ ရက် နေ့လည်ပိုင်းကလည်း NUG(MOD) လက်အောက်ခံ ဂန့်ဂေါခရိုင်တပ်ရင်းနဲ့ ပကဖပေါင်းပြီး ဒေသန္တရလက်နက်ကိုင် LDF စခန်းတခုကို သေနတ်ပစ်ဖောက် ဝင်ရောက်စီးနင်းခဲ့သလို LDF ခေါင်းဆောင် ကိုရခိုင်ရဲ့ အမျိုးသမီးအပါအဝင် အရပ်သားနဲ့ ရဲဘော် စုစုပေါင်း ၂ဝ ဝန်းကျင်ကို အကြမ်းဖက်ဖမ်းဆီးခဲ့တဲ့အပြင် စခန်းက ပစ္စည်းအားလုံးသိမ်းယူသွားပါတယ်။

အဲဒီလို မတရားအနိုင်ကျင့်မှုအပြင် ယုတ်မာမှုအဖြစ်လည်း၂ဝ၂၂ ခုနှစ်၊ ဩဂုတ် ၂၉ ရက်က စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ကျေးရွာတစ်ခုရဲ့ ပကဖအဖွဲ့ဝင် ၄ ဦးက အသက်မပြည့်သေးတဲ့ ကလေးတွေနဲ့ အမျိုးသမီးတွေ စုစုပေါင်း ၇ ဦးကို အကြောင်းပြချက်မခိုင်လုံဘဲ ဖမ်းဆီး မုဒိန်းကျင့် သတ်ဖြတ်ခဲ့ပါတယ်။ ကျုးလွန်တဲ့ ပကဖတွေကိုယ်တိုင် သူတို့ယုတ်မာပက်စက် ကျူးလွန်ကြောင်း ဝန်ခံတာကို NUG က အရေးမယူဘဲ လွှတ်ပေးခဲ့ပါတယ်။

တကယ်တော့ NUG ရဲ့ ဩဇာခံ ပအဖ၊ ပကဖ၊ PDF တွေဟာ သူတို့နဲ့စင်ပြိုင် ဒေသန္တရကာကွယ်ရေးတပ်တွေ သူတို့ဩဇာမခံရင် အမြစ်ဖြုတ်ဖို့ အနိုင်ကျင့်သတ်ဖြတ်တာက NUG ရဲ့ စေခိုင်းချက်လို့လည်း အသံထွက်ပါတယ်။ ဒါကြောင့်လည်း CRPH နဲ့ NUG ရဲ့ ခေါင်းကိုင်ဖခင် ဦးအောင်ကြည်ညွန့်ရဲ့ သမီးနဲ့သမက် ပါဝင်နေတဲ့ ယင်းမာပင် PDF ဗိုလ်သံမဏိရဲ့ လူ ၂၀ ကျော်သတ်ဖြတ်မှုကို NUG က အရေးမယူသလို ဝက်လက်ပကဖအဖွဲ့က” ဗိုလ်ကျားကြီး ဒေသန္တရကာကွယ်ရေးတပ်နဲ့ GZ Special Task Force အဖွဲ့က LDF အဖွဲ့ဝင်များစွာကို သတ်ဖြတ်လုယက်အမြစ်ဖြုတ်မှုကျုးလွန်နေတာကိုလည်း အရေးမယူ “တာပါ။ တစ်ဂူတည်းမှာ ခြင်္သေ့နှစ်ကောင်မအောင်းချင်လို့ NUG က LDF တွေကို ရှင်းခိုင်းတာ၊ သူရှင်းခိုင်းလို့ အရေးမယူတာ တောရိုင်းဥပဒေအရ မှန်ကောင်းမှန်နိုင်ပေမဲ့ မုဒိမ်းကျင့်လူသတ်တဲ့ ပကဖ၊ ပအဖ၊ ပလဖနဲ့ PDF တွေကို အရေးမယူတာကတော့ NUG ကလူတွေပါ မုဒိမ်းကျင့်လူသတ် အလိုတူအလိုပါလို့ ယူဆလို့ရသလို ဒီလိုမုဒိမ်းလူသ-တ်တပ်မျိုးက ဖက်ဒရယ်တပ်ပေါင်းစုထူထောင်ဦးဆောင်မယ်ဆိုတာက ပိုလို့တောင်မဖြစ်နိုင်တော့တာ အသေအချာပါ။

အချိန်ပြောဖို့မဖြစ်နိုင်သေးတဲ့ ရွေးကောက်ပွဲ

“ကျွန်တော်တို့ရဲ့ SAC အစိုးရအနေနဲ့ နိုင်ငံတကာမှာရော ပြည်တွင်းမှာရော အာမခံချက်နှစ်ချက်ပေးထားတာရှိတယ်။ နံပါတ်တစ် အာမခံချက်က ပါတီစုံဒီမိုကရေစီစနစ်ကို ကျွန်တော်တို့ အာမခံတယ်။ နံပါတ်နှစ်ကတော့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကို အာမခံတဲ့ ပြည်ထောင်စုစနစ်။ ဒီနှစ်ခုကို ကျွန်တော်တို့ အဓိက အာမခံတယ်။ အဲဒီနှစ်ခုကို ကျွန်တော်တို့က အဓိက ခိုင်ခိုင်မာမာ အာမခံထားတော့ ဒီနှစ်ခုရဲ့ အခြေခံဖြစ်တဲ့ ပထမဦးဆုံးအချက်ရဲ့ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ ကျွန်တော်တို့ မဖြစ်မနေကျင်းပပေးမှာဖြစ်တယ်။ အချိန်အတိုင်းအတာမှာတော့ ကျွန်တော်တို့က ပြောဖို့ခဲယဉ်းသေးတယ်။ ဘာလို့ပြောဖို့ခဲယဉ်းသေးလည်းဆိုရင် ကျွန်တော်တို့က ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပဖို့ ရည်ရွယ်ထားတာက တစ်နိုင်ငံလုံးမှာ ပျံ့ပျံ့နှံ့နှံ့ကျင်းပနိုင်ရမယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ဖြစ်ရမယ်။ လွတ်လပ်ပြီး တရားမျှတဖို့ဆိုရင် ဒီမဲပေးတဲ့သူတွေကိုယ်တိုင်၊ ရွေးချယ်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကိုယ်တိုင် ခြိမ်းခြောက်မှုတို့ အကျပ်ကိုင်မှုတို့ ဖိအားပေးမှုတို့ ကင်းလွတ်ရမယ်။ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကလည်း အားလုံးက သိရှိပြီးဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ၂၀၁၀ ဒီမိုကရေစီအသွင်ကူးပြောင်းပြီးနောက်ပိုင်းပေါ့လေ။ အထွေထွေရွေးကောက်ပွဲ သုံးကြိမ်ကျင်းပခဲ့တယ်။ ပထမဦးဆုံးအကြိမ်မှာ မြန်မာနိုင်ငံမှာ မြို့နယ်ပေါင်း ၃၃၀ ရှိတယ်။ အဲဒီပထမဦးဆုံးအကြိမ် ရွေးကောက်ပွဲမှာ ကျွန်တော်တို့က ၃၂၅ မြို့နယ်မှာ ရွေးကောက်ပွဲကျင်းပတယ်။ ၃၂၅ မြို့နယ် ကျွန်တော်တို့ လုပ်နိုင်ခဲ့တယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ ဒါ့ထက်လျော့ပါတယ်။ ၃၂၃ မြို့နယ်ပဲ။ ၂၀၂၀ ရွေးကောက်ပွဲမှာ ဒါ့ထက်ပိုပြီးလျော့ပါတယ်။ ကျွန်တော်တို့က အနည်းဆုံးအဆင့် ဘာကိုသွားချင်လဲဆိုတော့ ပထမဦးဆုံး မြို့နယ် ၃၃၀ မှာ လုပ်ပေးဖို့ ရည်ရွယ်တယ်။ ဒါမှမဟုတ်ရင် ပထမဦးဆုံးအခြေအနေဖြစ်တဲ့ မြို့နယ်ပေါင်း အနည်းဆုံး ၃၂၅ မြို့နယ်မှာ လုပ်ပေးနိုင်ဖို့အတွက် ကျွန်တော်တို့က မျှော်မှန်းတယ်” လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောလာပါတယ်။

နွေဦးတော်လှန်ရေးဖြစ်စဥ်ဆိုပြီး စတင်လှုံ့ဆော်ကတည်းက မတည်ငြိမ်မှုတွေကြောင့် ရွေးကောက်ပွဲအကြိမ်ကြိမ်ရွေ့သွားမယ်ဆိုတာ၊ ဘယ်သူ့ဘယ်သူမှ အပြတ်မဖြတ်ဘဲ လက်နက်စွဲကိုင်အခွင့်အရေးယူသွားကြမယ်ဆိုတာကို တွက်ဆမိသူများစွာရှိခဲ့ပါတယ်။ ဒါပေမဲ့လည်း လက်နက်ကိုင် အနိုင်ကျင့်ရတာအရသာတွေ့လာတဲ့ NUG အတွက် အလုပ်လုပ်စရာမလိုဘဲ ပြည်ပမှာ ဆက်ဇိမ်ခံပြီး အလှူခံထိုင်စားနိုင်ဖို့က ရွေးကောက်ပွဲမဖြစ်မှလို့ NUG သဘောပေါက်လာတဲ့နောက်မှာ NUG ရဲ့ ဦးစားပေး Target ဟာ ရွေးကောက်ပွဲပျက်စီးရေးပါ။ ရွေးကောက်ပွဲပျက်နေမှလည်း သူတို့လက်ဝါးဖြန့်ခံဖို့အကြောင်းပြချက်ကောင်းကောင်းရနေမှာပါ။ ဒါကြောင့်လည်း တပ်၊ ရဲ၊ ဝန်ထမ်းနဲ့မဆိုင်တဲ့ သာမန်လူတွေကိုပါ ဒလန်ဆိုပြီး အလစ်မှာလိုက်သတ်ခိုင်းနေတာပါ။ ပိုဆိုးတာက အဲဒီလိုအလစ်မှာသတ်ပြီး မတည်ငြိမ်တာကိုဘဲ ဂုဏ်ယူနေတာပါ။

“အခုအချိန်အထိ ကျွန်တော်တို့ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံအစိုးရမှာ အမှုထမ်းနေတဲ့ ဝန်ထမ်းများမပါ။ ဒီနေ့ ဒီအချိန်အထိ ဒလန်ဆိုပြီး သူတို့သုံးနှုန်းနေတဲ့ ဒလန်ဆိုပြီးတော့ စွပ်စွဲပြီး အသတ်ခံရတဲ့ လူပေါင်း၊ ရဲစခန်းမှာအမှုဖွင့်တိုင်ကြားထားတဲ့စာရင်းအရ ၄၀၀၃ ဦးရှိပါတယ်။ သူတို့သည်လည်း အသက်နဲ့ပါပဲ။ သူတို့သည်လည်း ကျွန်တော်တို့ ပြည်သူလူထုပါပဲ။ ဟုတ်ပြီ။ ဟိုဘက်မှာရှိနေတဲ့ ကျွန်တော်တို့ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ PDF၊ CRPH၊ NUG အဖွဲ့ သူတို့ဟာလည်း ကျွန်တော်တို့နိုင်ငံသားတွေပါပဲ။ ဘယ်နိုင်ငံခြားသားမှ ကျွန်တော်တို့နိုင်ငံအတွက် အချောင်လာ အသေမခံဘူး။ ကျွန်တော်တို့နိုင်ငံသားတွေပဲသေတာ ” လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆက်လက်ပြောပါသေးတယ်။

NUG ဟာ လက်နက်မဲ့ပြည်သူတွေနဲ့ သေနတ်တောင်ဆယ်ချက်ပြည့်အောင်မပစ်ဖူးတဲ့ရဲတွေ နိုင်ငံ့ဝန်ထမ်းတွေ၊ ရပ်ကျေးတွေကို အလစ်မှာချောင်းမြောင်းပြီး သတ်နေတာကြောင့် တစ်န်ိုင်ငံလုံးလှုပ်ခတ်တဲ့အထဲ အဆိုးဆုံးမြို့နယ်က ၆၅ မြို့နယ်ရှိပါတယ်။ လက်ရှိမှာတော့ ဒီ ၆၅ မြို့နယ်ဟာ တည်ငြိမ်မှုရလာတယ်ဆိုတဲ့နေရာ မရှိသလောက်ဖြစ်နေဆဲပါ။ တပ်မတော်ကလည်း မတည်ငြိမ်သရွေ့ရွေးကောက်ပွဲမလုပ်ဘူး ပြောနေချိန်မှာ NUG ကလည်း မတည်ငြိမ်လို့ ရွေးကောက်ပွဲပျက်မှ သူတို့စားခွင်မပျက်မှာကြောင့် လိုက်ဖျက်နေချိန်မှာ ပြည်သူလူထုက “ငါတို့နိုင်နေပြီ”ဆိုပြီး လိမ်စားနေတာ ဆက်ထောက်ခံမလား။ အဲဒီ လူလိမ်တွေ ဆက်ထောက်ခံပြီး အကြိမ် ၂၀ လောက် သက်တမ်းတိုးခံ ပြည်သူပဲသေတဲ့ ဇာတ်မျောမှာ နေမလား။ ဘယ်သူ့ထောက်ခံမှ ရွေးကောက်ပွဲအမြန်ဖြစ်ပြီး တိုင်းပြည်ရဲ့အာဏာက အရပ်သားအစိုးရလက်ဆီ အမြန်ဆုံးပြန်ရောက်မလဲ ချိန်ဆတွေးရင်း မနိုင်ဘဲနဲ့ လိမ်စားကောင်းအောင် ဂျင်းထည့်နေတာတွေကို နားလည်သဘောပေါက်ချိန်တန်ပြီလို့ တင်ပြရင်း ဒီတစ်ပတ်ရဲ့နိုင်ငံရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News