၁. ၅. ၂၀၂၃
Written by Nay Aung

နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို လေးစားသင့်ပြီး မြန်မာနိုင်ငံတွင် တည်ငြိမ်ငြိမ်းချမ်းရေး ပြန်လည်ရရှိစေရန် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများပြုလုပ်နိုင်ရေး တိုးမြှင့်လုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး Qin Gang က ယနေ့ မေလ ၁ ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် နိုလန်းဟေဇာနှင့် တွေ့ဆုံဆွေးနွေးချိန်အတွင်း ပြောကြားလိုက်သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး Qin Gang က တရုတ်နိုင်ငံသည် အိမ်နီးချင်းနိုင်ငံဖြစ်သောကြောင့် မြန်မာနိုင်ငံတွင် တည်ငြိမ်မှုများ ပိုမိုရရှိစေရန် အခြားနိုင်ငံများထက် ပိုမိုမျှော်လင့်ထားကြောင်း၊ မြန်မာ့နိုင်ငံရေးနောက်ခံသမိုင်းကြောင်းက ခက်ခဲရှုပ်ထွေးမှုများ ရှိနေခြင်းကြောင့် မြန်မာ့နိုင်ငံရေးအခက်ခဲများကို အလျင်အမြန် ဖြေရှင်းနိုင်မည်မဟုတ်ကြောင်း ပြောသည်။

နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို လေးစားသင့်ပြီး မြန်မာနိုင်ငံရှိအဖွဲ့အစည်းများကြား မတူကွဲပြားမှုများကို ဖြေရှင်းနိုင်အောင် ကူညီထောက်ပံ့ပေးသင့်ကြောင်း၊ မြန်မာ့နိုင်ငံရေးအခက်အခဲကိုဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဥပဒေမူဘောင်များအတိုင်း နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့် နိုင်ငံရေးအသွင်ကူးပြောင်းမှုများ ပြန်လည်စတင်သင့်ကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် မြန်မာ့နိုင်ငံရေးပြဿနာဖြေရှင်းနိုင်ရန် အာဆီယံအဖွဲ့၏ ကြားဝင်စေ့စပ်ပေးမှုများကို လေးစားသင့်ပြီး အာဆီယံသဘောတူညီချက်ငါးချက် အကောင် အထည်ဖော်နိုင်ရန် တိုးမြှင့်ဆောင်ရွက်ရမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး Qin Gang က ပြောသည်။

တရုတ်နိုင်ငံအနေဖြင့် မြန်မာ့နိုင်ငံရေးပြဿနာနှင့်ပတ်သက်ပြီး နိုလန်းဟေဇာ၏ ကြားဝင်ကြိုးပမ်းမှုများအပေါ် ကူညီပေးမည်ဖြစ်သလို ပံ့ပိုးထောက်ပံ့ပေးမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

နိုလန်းဟေဇာက မြန်မာ့နိုင်ငံရေးပြဿနာကို အဖြေရှာနိုင်ရန် မြန်မာကိုယ်တိုင် ဦးဆောင်လုပ်ကိုင်ရမည်ဖြစ်ပြီး ပြည်သူများ၏ ဆန္ဒကို လေးစားသင့်ကြောင်း၊ တွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးရရှိစေရန် ကုလသမဂ္ဂက ရပ်တည်ဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

ထို့ပြင် နိုလန်းဟေဇာက ကုလသမဂ္ဂအနေဖြင့် မြန်မာ့နိုင်ငံရေးအခက်အခဲနှင့်ပတ်သက်ပြီး အဓိကအခန်းကဏ္ဍက ပါဝင်ဆောင်ရွက်နေသော အာဆီယံ၏ကြိုးပမ်းမှုများကိုလည်း အားပေးထောက်ခံသလို မြန်မာ့နိုင်ငံရေးပြဿနာကိုဖြေရှင်းနိုင်ရန်အတွက် တိုးမြင့်ဆောင်ရွက်နေသော တရုတ်နိုင်ငံ၏အခန်းကဏ္ဍကို ကျေးဇူးတင်ကြောင်း၊ ငြိမ်းချမ်းရေး၊တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးရေးတို့အတွက် တရုတ်နိုင်ငံက အပြုသဘောဆောင်သော ကူညီထောက်ပံ့ပေးမှုများဆက်လက်လုပ်ဆောင်မည်ဟု မျှော်လင့်ကြောင်း ပြောဆိုခဲ့သည်။

Ref —CGTN

Leave a Reply

Your email address will not be published. Required fields are marked *

Related News