၂. ၅. ၂၀၂၃

Written by Nay Aung

မြန်မာလေကြောင်းလိုင်း MAI သည် အိန္ဒိယနိုင်ငံနှင့်မြန်မာနိုင်ငံအကြား အပြန်အလှန် ဆက်သွယ်မှုများ ပိုမိုကောင်းမွန်စေရန်အတွက် လာမည့် မေလ ၆ ရက်နေ့မှ စတင်ပြီး ချန်နိုင်းမြို့နှင့် လေကြောင်းတိုက်ရိုက်ပျံသန်းသွားမည်ဖြစ်ကြောင်း အိန္ဒိယလေကြောင်းလိုင်း လက်မှတ်အရောင်းဌာနအေဂျင်စီ (STIC) ၏ ဖော်ပြချက်များအရ သိရသည်။

ချန်နိုင်းမြို့သည် MAI အတွက် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံကြား လေကြောင်းတိုက်ရိုက်ပျံသန်းမည့် ၄ ခုမြောက်မြို့ဖြစ်လာမည်ဖြစ်သည်။ MAI သည် အိန္ဒိယနိုင်ငံမြို့များဖြစ်သော ဒေလီ၊ ကာလကတ္တား၊ ဂါယာမြို့များသို့ လေကြောင်း တိုက်ရိုက်ပျံသန်းခဲ့ပြီးနောက် ချန်နိုင်းမြို့နှင့် လေကြောင်း တိုက်ရိုက်ပျံသန်းခြင်းဖြစ်ကြောင်း သိရသည်။

ချန်နိုင်းမြို့နှင့် ရန်ကုန်မြို့ကြား လေကြောင်းတိုက်ရိုက်ပျံသန်းမှုများကို တစ်ပတ်လျှင်တစ်ကြိမ်နှုန်းဖြင့် စနေနေ့တိုင်း ပျံသန်းမည်ဖြစ်ပြီး Airbus A319/A320 လေယာဉ်များဖြင့် ပျံသန်းမည်ဖြစ်သည်။ အဆိုပါလေကြောင်းတိုက်ရိုက်ပျံသန်းမှုများကြောင့် အိန္ဒိယနိုင်ငံသို့ ဆေးသွားရောက်ကုသမည့်သူများ၊ အလည်အပတ်သွားမည့်သူများနှင့် စီးပွားရေးလုပ်ငန်းများ သွားရောက်လုပ်ကိုင်မည့်သူများအတွက် ပိုမိုအဆင်ပြေမည်ဖြစ်သည်။

ထို့အပြင် မြန်မာနိုင်ငံ ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ သံတွဲမြို့များကို အလည်အပတ်ခရီးသွားရောက်မည့် အိန္ဒိယနိုင်ငံသားများအနေဖြင့်လည်း မြန်မာနိုင်ငံသို့ လာရောက်ရန် ပိုမိုအဆင်ပြေကောင်းမွန်စေမည်ဖြစ်သည်။ MAI သည် လေကြောင်းခရီးစဉ်တစ်ခုအတွက် လက်မှတ်ခကို အိန္ဒိယရူပီး ၂၂၉၀၇ အောက်ဖြင့်ရောင်းချပေးမည်ဖြစ်သည်။ အဆိုပါလေကြောင်းခရီးစဉ်ကို ရန်ကုန်မြို့မှ နံနက် ၈ နာရီတွင် စတင်ပျံသန်းပြီး ချန်နိုင်းမြို့သို့ နံနက် ၁၀ နာရီ ၁၅ မိနစ်တွင်ရောက်ရှိမည်ဖြစ်သည်။ ထို့အပြင် ချန်နိုင်းမြို့မှ ပြန်လည်ထွက်ခွာရာတွင်လည်း နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် လေကြောင်းပျံသန်းမှုများ ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။

Ref ——eturbonews

Leave a Reply

Your email address will not be published. Required fields are marked *