၁. ၅. ၂၀၂၃
Translated by Htwe Ko Tun

ဝရမ်းပြေးသဖွယ်ဖြစ်နေရသော ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝါထရာက ၎င်း၏သတ္တမမြောက်နှင့်အငယ်ဆုံးမြေးဖြစ်သူကို ဖွားမြင်ပြီးဖြစ်ကြောင်း၊ ၎င်းအနေနှင့်လည်း အသက် ၇၃ နှစ်ရှိပြီဖြစ်ရာ မြေးဖြစ်သူများနှင့်အတူနေစောင့်ရှောက်လိုသည့်အတွက် မကြာမီ မိခင်ထိုင်းနိုင်ငံသို့ ပြန်လာမည်ဖြစ်ကြောင်း လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

သက်ဆင်က တွစ်တာ လူမှုကွန်ရက်တွင် မေလ ၁ ရက် နံနက်ကရေးသားခဲ့ရာ၌ သမီးဖြစ်သူ ပေတုံတန်ရှင်နာဝါထရာက ၎င်းအတွက် သတ္တမမြောက်မြေးဖြစ်သူကို မွေးဖွားခဲ့သည်ဟု ကြားခဲ့ရသောကြောင့် အထူးပင်ဝမ်းမြောက်ဝမ်းသာဖြစ်မိကြောင်းလည်း ထည့်သွင်းရေးသား ဖော်ပြခဲ့သည်။ သက်ဆင်၏ မြေးခုနှစ်ယောက်စလုံးမှာ ၎င်းထိုင်းနိုင်ငံမှ ထွက်လာခဲ့ပြီးနောက်တွင်မှ မွေးဖွားခဲ့ကြသည်ဟုလည်း ပြောခဲ့သည်။

ထို့ပြင် သက်ဆင်က “လာမယ့် ဇူလိုင်လဆိုရင် ကျွန်တော် ၇၄ နှစ်ရှိပြီ။ ဒီတော့ ကျွန်တော့်အနေနဲ့ မြေးတွေနဲ့ တူတူနေစောင့်ရှောက်နိုင်ဖို့ ပြန်လာခွင့်ပေးဖို့ တောင်းဆိုချင်တယ်“ ဟုလည်း ပြောခဲ့သည်။

သက်ဆင်၏သမီးဖြစ်သူ မစ္စက်ပေတုံတန်က လာမည့်ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ်နေရာအတွက် ဖျူထိုင်းပါတီမှ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။ ပေတုံတန်ကလည်း ၎င်း၏သားကို ဖရူသာဆင် ဆပ်ဆာဝပ်ဟု အမည်ပေးထားကာ သာဆင်ဟု ချစ်စနိုးခေါ်ကြောင်း Instagram တွင် ရေးသခဲ့သည်။

ထို့ပြင် စိတ်ဓာတ်ရေးရာအရ အားပေးကူညီကြသူအားလုံးကို ကျေးဇူးတင်ကြောင်းနှင့် မကြာမီသတင်းစာနယ်ဇင်းများနှင့် တွေ့ဆုံမည်ဖြစ်ကြောင်းလည်း သူမက ပြောခဲ့သည်။

ဝန်ကြီးချုပ်ဟောင်းသက်ဆင်အား ၂၀၀၈ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်တွင် အဂတိမှုဖြင့် ထောင်ဒဏ် နှစ်နှစ်ချမှတ်ခဲ့သည်။ သို့သော် တရားရုံးက စီရင်ချက်မချမီ ၎င်းက ထိုင်းနိုင်ငံမှ ပြည်ပသို့ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။

Ref–Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *

Related News