၁. ၅. ၂၀၂၃
Written by Phyo Wei

ကမ္ဘာ့ရွှေစျေးကျချိန်မှာ မြန်မာ့ရွှေစျေးက သိန်း ၃၀ ကျော်နေတာကြောင့် ၂၉ သိန်းအောက်ဖြစ်သင့်တဲ့စျေးနဲ့ ရောင်းချဖို့ ရွှေလုပ်ငန်းရှင်အသင်းက မေတ္တာရပ်ခံပေမဲ့လည်း အောင်မြင်မှုမရခဲ့တဲ့ ဒီရက်သတ္တပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်အဖြစ်တော့ ထုတ်လုပ်မှုကျဆင်းလာတဲ့ မြန်မာ့ကားစျေးကွက်အခြေအနေအကြောင်း၊ မကြာခင်ဖွင့်လှစ်တော့မဲ့ စစ်တွေဆိပ်ကမ်းအကြောင်းနဲ့ စံချိန်တင်မြင့်တက်လာနေတဲ့ ပြည်တွင်းဆန်စျေးကွက်အကြောင်းတွေကို တင်ပြချင်ပါတယ်။

“ထုတ်လုပ်မှုကျဆင်းလာတဲ့ မြန်မာ့ကားစျေးကွက်”

အခြေပစ္စည်းတွေဖြစ်တဲ့ ရွှေ၊ အိမ်ခြံမြေ၊ ကား စတာ တွေဟာ ကောလာဟလတွေကြောင့် စျေးဆွဲအတင်ခံခဲ့ရပေမဲ့ လက်ရှိမှာတော့ ပိုက်ဘောမိပြီး ငြိမ်သက်သွားသလို စျေးဆွဲတင်တိုင်းလည်း ထိန်းကျောင်းမှုတွေကြောင့် ဆွဲတင်မရတော့သလို မြန်မာ့ကားစျေးကွက်မှာလည်း EV ကို အထူးအသားပေး၊ အခွန်လွတ်မှုတွေပေးလာချိန်မှာတော့ ထုတ်လုပ်မှုတွေကျဆင်းလာသလို ရောင်းချရမှုတွေလည်း ကျဆင်းလာပါတယ်။ လက်ရှိ မြန်မာ့ကားထုတ်လုပ်မှုကို ကြည့်မယ်ဆိုရင် ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် ဇန်နဝါရီလကနေ မတ်လကုန်အထိ ၁၆၄၄ စီးထုတ်လုပ်နိုင်ခဲ့ပြီး ဒီနှစ် ပထမသုံးလပတ်မှာတော့ ထုတ်လုပ်မှု သိသိသာသာကျဆင်းသွားရသလို ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှာ ကားအရေအတွက် ၈ စီး၊ ဖေဖော်ဝါရီလမှာ ကားအစီးရေ ၄၁ စီး၊ မတ်လမှာ ကားအစီးရေ ၂၃ စီး ပဲထုတ်လုပ်နိုင်ခဲ့ပြီး အာဆီယံဒေသတွင်း နိုင်ငံတွေမှာ ကားထုတ်လုပ်မှု အနည်းဆုံးဖြစ်ခဲ့တယ်လို့ အာဆီယံ ကားအသင်းအဖွဲ့ချုပ် (AFAA)က ဖော်ပြခဲ့ပါတယ်။

တစ်ဖက်မှာလည်း အစိုးရအနေနဲ့ EV ကို အခွန်ကင်းလွတ်ခွင့်များစွာ၊ လမ်းတံတားဂိတ်ကြေးပါ ကင်းလွတ်ခွင့်ပေးလာနေပေမဲ့လည်း EV ကားစျေးတန်းကတော့ ပြည်ပမှာ ဒေါ်လာ ၁၀၀၀၀ လောက်ပဲပေါက်စျေးရှိပြီး တင်သွင်းခနဲ့ပေါင်းမှ ၁၃၀၀၀ လောက်ပဲအရင်းကျတဲ့ကားတွေဟာ ပြည်တွင်းမှာတော့ တစ်စီးကို သိန်း ၅၀၀ လောက်ဖြစ်နေပါတယ်။ ဒီလိုပါပဲ။ ဒေါ်လာ ၅၀၀၀ ပတ်ခြာလည်လောက်ပဲရှိတဲ့ Wuling Mini EV Macroon က သိန်း ၂၇၀ လောက်ဖြစ်နေတဲ့အတွက် အမြတ်တင်မှုက မြန်မာပြည်အရောက်စျေးရဲ့  ၅၀ ရာခိုင်နှုန်းလောက်အထိဖြစ်နေတာကိုလည်း တွေ့ရပါတယ်။

တစ်ဖက်မှာ လျှပ်စစ်ကားတွေနဲ့ (Electric Vehicle-EV)၊ အားသွင်းစက် (Charger) တွေ ဝယ်ယူသုံးစွဲရာမှာ စိတ်ကျေနပ်မှုမရှိတာနဲ့ နစ်နာဆုံးရှုံးမှုများရှိမယ်ဆို စားသုံးသူရေးရာဦးစီးဌာနရဲ့ Consumer Call Center ဖုန်း (၁၅၃၅)ကို ဆက်သွယ်တိုင်ကြားနိုင်ပြီး ချက်ခြင်းအရေးယူဆောင်ရွက်ပေးမယ်လည်းထုတ်ပြန်ထားတာမို့ ဒီလိုအရေးယူရာမှာ အလွန်အကျွံအမြတ်တင်ထားတာမျိုးကိုလည်း ထိန်းချုပ်စေလိုပြီး မြန်မာပြည်အရောက်စျေးရဲ့ ၂၀ ရာခိုင်နှုန်းလောက်ပဲ အမြတ်တင်စေခြင်းနဲ့ EV လောကကို ပိုမိုဖွံ့ဖြိုးလာစေနိုင်ပါတယ်။ ဥပမာအားဖြင့် Wuling Mini EV Macroon က မြန်မာပြည်အရောက်အရင်းမှာ သိန်း ၁၈၀ ဆိုရင် သိန်း ၂၂၀ အောက်ပဲ ပေါက်စျေးဖြစ်ထိုက်တာမျိုး။ အလားတူပဲ။ မြန်မာပြည်ကားအရောင်းပြခန်းအရောက်မှ သိန်း ၃၅၀ လောက်ပဲ အရင်းကျတဲ့ကားမျိုးက သိန်း ၄၂၀ နဲ့အောက်ပဲဖြစ်သင့်တာမျိုး အဆမတန်များနေတဲ့ စျေးတန်းတွေကို ထိန်းချုပ်မှလည်း EV စျေးကွက်ရှေ့တက်လာမှာပါ။

“ဖွင့်လှစ်တော့မဲ့ စစ်တွေဆိပ်ကမ်း”

AA နဲ့ တပ်မတော် အပစ်အခတ်ရပ်စဲလိုက်လို့ ငြိမ်းချမ်းစွာတိုးတက်မှုအသီးအပွင့်အဖြစ် မေလ ၉ ရက်မှာ အိန္ဒိယနဲ့ လုပ်ဆောင်နေတဲ့ စစ်တွေဆိပ်ကမ်းဖွင့်လှစ်တော့မှာဖြစ်ပါတယ်။ မြန်မာ့​မြေပေါ်မှာ အရင်တုန်းကလို အမေရိကန်နဲ့ တရုတ်နှစ်နိုင်ငံပဲ ဝင်ရောက်ကြီးစိုးနေတဲ့အခြေအနေကနေ ရုရှားနဲ့ အိန္ဒိယကပါ ဝင်ပြိုင်လာတဲ့အခြေအနေမှာ အရေးကြီးတာက ဒီလိုအားပြိုင်မှုတွေကနေ မြန်မာနိုင်ငံအကျိုးအမြတ်ရရေးပါ။ ဥပမာအားဖြင့် ရုရှား၊ အမေရိကန်၊ တရုတ်ဆီက အကျိုးအမြတ်များစွာရနေတဲ့ ဘင်္ဂလားဒေ့ရှ်လိုမျိုး အမြတ်မထုတ်တတ်ရင်တော့ တရုတ်နဲ့ အမေရိကန်ကစားကွက်မှာတောင် ချာလပတ်လည်နေတဲ့ မြန်မာနိုင်ငံဟာ အခြေအနေပိုဆိုးလာဖို့ပဲ ရှိလာနိုင်တာပါ။

တစ်ဖက်မှာလည်း တပ်မတော်နဲ့ AA အကြား ငြိမ်းချမ်းရေးအဓွန့်ရှည်တာနဲ့အမျှ တိုးတက်မှုအသီးအပွင့်ကို တိုက်ရိုက်ခံစားရမှာက ရခိုင်ပြည်နယ်နဲ့ ရခိုင်ပြည်သူတွေပဲဆိုတာ ပိုသဘောပေါက်သင့်သလို စစ်ကို လိုလိုချင်ချင်ဖိတ်ခေါ်လို့ ဘ၀တွေပျက်၊ အသက်တွေဆုံးရှုံး၊ ကိုယ့်မြေ၊ ကိုယ့် ရေ၊ ကိုယ့်ဒေသပဲ ကြေမွပျက်သုဉ်းရတာကို ဆင်ခြင်တုံတရားရှိရှိ ကျော်ဖြတ်နိုင်မှလည်း စစ်ကိုင်းလို မွမွကြေ စုတ်ပြတ်ပြီး ဘာတစ်ခုမှ အဖတ်ဆည်မရတော့တဲ့ အခြေအနေက ကင်းလွတ်ပြီး ငြိမ်းချမ်းစွာတိုးတက်လာမှာပါ။

“စံချိန်တင်မြင့်တက်လာနေတဲ့ ဆန်စျေး”

ပြည်တွင်းဆန်စျေးကွက်ဟာ တစ်နှစ်မပြည့်ခင်ကာလအတွင်းမှာ ၁၀၀ ရာခိုင်နှုန်းနဲ့အထက် စျေးနှုန်းမြင့်တက်လာတာကြောင့် ဆန်ချောကနေ ဆန်ကြမ်းပြောင်းစားနေရတဲ့ ပြည်သူတွေက စျေးနှုန်းကျစေချင်သလို နယ်စပ်ကနေ တင်ပို့မှုတွေကို ဗဟိုဘဏ်မှာ ၆၅၊ ၃၅ နှုန်းနဲ့ ပို့ကုန်ရငွေ လဲရမယ်ဆိုကတည်းက နယ်စပ်ကနေ ဆန်တင်ပို့မှုကျဆင်းသွားလို့ နယ်စပ်က ဆန်တင်ပို့သူတွေကလည်း ဆန်စျေးကျဖို့ မျှော်လင့်နေပေမဲ့ တက်ပြီးရင်းတက်နေဆဲ ဆန်စျေးကြောင့် ပြည်သူတွေ အခက်ကြုံနေရပြီး ဆန်ချောကနေ ဆန်ကြမ်း၊ ဆန်ကြမ်းကနေ ဆန်ကွဲ၊ ဆန်ကွဲကနေ ထပ်ဆင်းရင် စွန့်ပစ်ဆန်ဖြစ်တဲ့ အောက်ကျုံးဆန်ပါ စားရတော့မဲ့ အခြေအနေဆိုက်ရောက်လာနေပါတယ်။

၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းမှာ တစ်အိတ် ၆၀၀၀၀ လောက်ပဲရှိတဲ့ ပေါ်ဆန်းဆန်ဟာ ဩဂုတ်လလောက်မှာ ၈၇၀၀၀ လောက်အထိ မြင့်တက်လာရာက လက်ရှိကာလမှာတော့ တစ်အိတ်ကို လက်လီစျေးကွက်မှာ ၁၂၀၀၀၀ လောက်အထိ ဖြစ်လာပါတယ်။ ဒီလိုပဲ ဧည့်မထလိုဆန်မျိုးဟာ အရင်တစ်အိတ်မှ ၂၇၀၀၀ လောက်ပဲ ရှိရာကနေ ၂၀၂၂ ဩဂုတ်လမှာ ၃၃၀၀၀ လောက်ဖြစ်လာပြီး လက်ရှိအချိန်မှာ ၅၆၀၀၀ လောက်အထိ ၁၀၀ ရာခိုင်နှုန်းကျော် ခုန်တက်လာနေပါတယ်။

တိုက်ပွဲတွေကြောင့် ဆန်၊ စပါးစိုက်ပျိုးမှု လျော့ကျလာတာ၊ သွင်းအားစုတွေ စျေးအဆမတန်တက်လာတာ၊ သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်တွေ တက်လာတာကို အကြောင်းပြချက်ပေးကောင်းပေးနိုင်မှာဖြစ်ပေမဲ့လည်း ဖြစ်သင့်တဲ့နှုန်းထက်တော့ ၅၀ ရာခိုင်နှုန်းလောက် ပိုနေတာကလည်း အမှန်ပါ။ ဒီလိုမျိုးဖြစ်သင့်တဲ့နှုန်းထက် စျေးဆွဲတင်ထားပြီး ဆန်စျေးနှုန်းမြင့်တက်လာအောင် ဘက်စုံကစားနေသူတွေကိုလည်း စောင့်ကြပ်အရေးယူပြီး အောက်ကျုံးဆန်အထိ ဆင်းစားရတော့မဲ့ ပြည်သူ့ကျပ်တည်းမှုကိုလည်း ငဲ့ပါဦးလို့ တင်ပြရင်း ဒီတစ်ပတ်ရဲ့စီးပွားရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *