ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် လစာတိုးမြှင့်ပေးရေးအတွက် အလုပ်သမားများက မေလ ၁ ရက် အလုပ်သမားနေ့တွင် ချီတက်ဆန္ဒပြနေကြစဉ်။

၁. ၅. ၂၀၂၃
Translated by Htwe Ko Tun

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် အလုပ်သမားသမဂ္ဂများ၊ အလုပ်သမားအဖွဲ့ချုပ်များနှင့် အဖွဲ့အစည်းများမှ အလုပ်သမားများက မြို့တော်မနီလာအတွင်း မန်ဒီအိုလာ လမ်းတွင် မေလ ၁ ရက်၊ အလုပ်သမားနေ့၌ စုဝေးကြကာ လစာများတိုးပေးရေးအတွက် ချီတက်ဆန္ဒပြခဲ့ကြကြောင်း သိရသည်။

အလုပ်သမားသမဂ္ဂနှင့် အဖွဲ့အစည်းပေါင်းစုံတို့မှ အလုပ်သမား အင်အား ၁၀,၀၀၀ ကျော်က အုပ်စုများအလိုက်ချီတက်လာခဲ့ကြပြီးနောက် ဆန္ဒပြပွဲတွင် ပါဝင်ခဲ့ကြသည်။ မနီလာခရိုင်ရဲတပ်ဖွဲ့ကလည်း ချီတက်ဆန္ဒပြသူများလုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင် ၁,၁၀၀ ခန့်ကို ချီတက်ရာလမ်းတစ်လျှောက်ချထားခဲ့သည်။ ရဲတပ်ဖွဲ့ဝင်များကလည်း အလုပ်သမားတို့၏ဆန္ဒပြအားထုတ်မှုများကို အသိအမှတ်ပြုကြောင်း ပိုစတာများကိုင်ဆောင်ထားခဲ့ကြကာ ‘မင်္ဂလာရှိသော အလုပ်သမားနေ့ပါ’ ဟု နှုတ်ဆက်ခဲ့ကြသည်။

အလုပ်သမားသမဂ္ဂများက အစိုးရအား လစာတိုးပေးရေး၊ အလုပ်အကိုင်များဖန်တီးပေးရေးနှင့် ငွေဖောင်းပွမှုလျော့ကျစေရန်ဆောင်ရွက်ပေးရေးတို့ကို အဓိကတောင်းဆိုခဲ့ကြသည်။ ဖိလစ်ပိုင်သမ္မတ မားကိုစ် ဂျူနီယာက အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နှင့်တွေ့ဆုံရန် ဧပြီလ ၃၀ ရက်က အမေရိကန်ပြည်ထောင်စုသို့ ခရီးထွက်ခွာသွားခဲ့ရာ အလုပ်သမားသမဂ္ဂများက သမ္မတအား အလုပ်သမားနေ့တွင် နိုင်ငံတွင်းမှ အလုပ်သမားများ၏အရေးကို တွေ့ဆုံဆွေးနွေးရန်ထက် အမေရိကန်သမ္မတနှင့်ဆွေးနွေးပွဲကို ဦးစားပေးမှုအတွက် ပြစ်တင်ဝေဖန်ခဲ့ကြသည်။

အလုပ်သမားများ၏ တောင်းဆိုချက်များအတွက် ဆန္ဒပြပွဲများကို ဖိလစ်ပိုင်နိုင်ငံတစ်ဝန်းပြုလုပ်သွားမည်ဟုလည်း သိရသည်။ မန်ဒီအိုလာလမ်းတွင် ချီတက်ဆန္ဒပြကြပြီးနောက် အလုပ်သမားများက အမေရိကန်သံရုံးရှေ့တွင် ဆက်လက်ဆန္ဒပြကြရန် အမေရိကန်သံရုံးသို့ ချီတက်သွားခဲ့ကြောင်း သိရသည်။

Ref—— inquirer.net

Leave a Reply

Your email address will not be published. Required fields are marked *

Related News