၂၈. ၄. ၂၀၂၃
Written by Pan Ei

ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်က ရွှေမေတ္တာလူမှုကူညီရေးအသင်းဥက္ကဋ္ဌဖြစ်တဲ့ မရွှေလဲ့ကို AFP, Bangkok Post, Thaiger, Gulf News စတဲ့ နိုင်ငံတကာသတင်းမီဒီယာတွေမှာ မြန်မာ့မြွေမင်းသမီးလို့ ဖော်ပြခြင်းခံနေရပါတယ်။

မြန်မာ့ထိပ်တန်း မြွေကယ်ဆယ်ရေးအဖွဲ့ဖြစ်တဲ့ မရွှေလဲ့တို့အဖွဲ့ဟာ အဖွဲ့ဝင်တစ်ဒါဇင်ခန့်ရှိပြီး မနှစ်က ရန်ကုန်မြို့တစ်ဝိုက်က မြွေအကောင်ရေ ၂၀၀ ခန့်ကို ကယ်ဆယ်ခဲ့ပါတယ်။

“မြွေတွေက မလှည့်စားတတ်လို့ ကျွန်မကတော့ ချစ်တယ်။ သူတို့ရဲ့ သဘောသဘာဝကို အသိအမှတ်ပြု လက်ခံကြည့်ရင် သူတို့က ချစ်စရာကောင်းပါတယ်။” လို့ မရွှေလဲ့က ပြောကြားခဲ့ပါတယ်။

၂၀၁၆ ခုနှစ်က စတင်မြွေဖမ်းခဲ့တာဖြစ်ပြီး ဆေးရုံတက်ရတာ ၇ ကြိမ်ရှိပြီဖြစ်တဲ့ အသက် ၄၀ အရွယ် ကိုတိုးအောင်က သူမရဲ့ လက်ဦးဆရာပဲဖြစ်ပါတယ်။

“မြွေဖမ်းတဲ့နေရာမှာ ဘယ်သူမဆို လျင်မြန်သွက်လက်ဖို့ လိုပါတယ်။ အဆိပ်ရှိတဲ့မြွေကို ဖမ်းတဲ့နေရာမှာ မြွေကိုက်ခံရဖို့က ၉၀ ရာခိုင်နှုန်းရှိတယ်”လို့ ကိုတိုးအောင်က ဆိုပါတယ်။

သူမအဖွဲ့ရဲ့ အဖွဲ့ဝင်တွေမှာ ကိုယ်ပိုင်အလုပ်တွေရှိကြပြီး အဖွဲ့ရဲ့ “လူနာတင်ယာဉ်” ပြေးဆွဲဖို့အတွက် ဓာတ်ဆီနဲ့ သူတို့ရဲ့ အကာအကွယ်ပစ္စည်းတွေအားလုံးအတွက်တော့ အလှူငွေတွေကို အားကိုးရပါတယ်။

သူတို့ဟာ အများအားဖြင့် ငါးမီတာ (၁၆ ပေ) ရှည်လျားပြီး အဆိပ်မရှိတဲ့ မြန်မာ့စပါးအုံးမြွေတွေကို ဖမ်းမိတတ်ကြပြီး အဆိုပါ မြွေမျိုးစိတ်ဟာ ကြွက်တွေနဲ့ အခြားနို့တိုက်သတ္တဝါငယ်လေးတွေကို ညှစ်သ-တ်တတ်ကြပါတယ်။

၂၀၁၄ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ မြွေကိုက်ခံရတဲ့ လူပေါင်း ၁၅,၀၀၀ ကျော်ရှိခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ နောက်ဆုံးရရှိထားတဲ့ ကိန်းဂဏန်းတွေအရ သိရပြီး ယင်းတို့အနက် လူ ၁၂၅၀ ဦး သေဆုံးခဲ့ကာ အများစုမှာ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်နဲ့ ပိုးသတ်ဆေးတွေ အချိန်မီ လက်လှမ်းမမီမှုတို့ကြောင့် သေဆုံးမှုနှုန်း ပိုများနေတာပါ။

သူမတို့ရဲ့ အွန်လိုင်းဗီဒီယိုတွေနဲ့ ကျော်ကြားမှုတွေကတစ်ဆင့် ရွှေမေတ္တာလူမှုကယ်ဆယ်ရေးအဖွဲ့ဟာ အထူးသဖြင့် အိမ်တွေမှာ ပေါ်ထွက်လာတတ်တဲ့ တွားသွားသတ္တဝါတွေကို ပိုမိုသနားကြင်နာတတ်လာစေဖို့ တွန်းအားပေးဖို့ မျှော်လင့်နေပါတယ်။

သူမတို့အဖွဲ့ဟာ ကယ်ဆယ်ထားတဲ့ မြွေတွေကို တောထဲပြန်လွှတ်ဖို့ အဆင့်သင့်မဖြစ်သေးခင်အချိန်ဆိုရင် အနီးအနားမှာရှိတဲ့ ဘုန်းတော်ကြီးကျောင်းမှာ စောင့်ရှောက်ထားပါတယ်။

ဒါ့အပြင် မရွှေလဲ့နဲ့ အဖွဲ့ဟာ ပြီးခဲ့တဲ့ မတ်လနှောင်းပိုင်းတုန်းက ရန်ကုန်မြို့မြောက်ဘက် ကီလိုမီတာ ၁၅၀ (မိုင် ၉၀) ခန့်အကွာ ပဲခူးရိုးမတောင်တန်းရဲ့ပူလောင်တဲ့ တောအုပ်တွေဆီ ခရီးလှည့်လည်ခဲ့ပြီး မြွေတွေကို လွှတ်ပေးခဲ့ပါသေးတယ်။

လှောင်အိမ်ထဲမှာ ရက်သတ္တပတ်များစွာနဲ့ ငါးနာရီကြာ ကားနဲ့ ခရီးသွားလာပြီးနောက် မှိန်းနေတဲ့ တွားသွားသတ္တဝါအချို့ဟာ သွားလာဖို့ နူးညံ့တဲ့ညွှန်ပြမှု လိုအပ်ပြီး ပိတ်လှောင်ခံထားရတဲ့ ခံစားချက်ကို ဘယ်သူမှ မကြိုက်ကြောင်း၊ လူတွေရှိတဲ့နေရာကို အချိန်အကြာကြီး ပြန်မလာစေဖို့ မျှော်လင့်ကြောင်း မရွှေလဲ့က ပြောကြားခဲ့တဲ့အပြင် “မြွေတွေကို လွှတ်ရတာ ဝမ်းသာပါတယ်။ တစ်ယောက်ကို တစ်ယောက် သနားညှာတာတဲ့ ရှုထောင့်ကနေ ကြည့်ရတာ ကျေနပ်စရာပါပဲ”လို့ သူမက ထပ်လောင်းပြောကြားခဲ့ပါတယ်။

Ref; Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *