၂၈. ၄. ၂၀၂၃
Written By Thandar

ဧပြီ ၂၄ ရက်ကနေ မေလ ၁ ရက်အထိ ကျင်းပမယ့် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ပထမဦးဆုံးအကြိမ် ကျင်းပတဲ့ Mister & Miss Celebrity International 2023 ပြိုင်ပွဲကို မြန်မာနိုင်ငံကိုယ်စားပြုအလှမယ်အဖြစ် Miss Grand Yangon East 2022 Winner ဆုရှင်ရွှေခြူးငုံက ဝင်ရောက်ယှဥ်ပြိုင်နေတယ် အရမ်းလည်းပျော်နေပါတယ်လို့ MT News ကို ပြောပါတယ်။

“ခြူးလေးပြိုင်ပွဲကို ပြိုင်ဖြစ်တာကတော့ Miss Grand Yangon ပြိုင်ပွဲပြီးတော့ ဆရာထူးအံ့လွင်က Mister & Miss Celebrity ပြိုင်ပွဲကို ကမ်းလှမ်းခဲ့တယ်။ Winner တစ်ယောက်ကို ပြိုင်ပွဲဝင်ပြိုင်ဖို့ ကမ်းလှမ်းခဲ့တာပါ။ ဆရာထူးအံ့ကို ခြူးလေးကို ရွေးချယ်လိုက်တယ်။ ခြူးလေးလည်း အတွေ့အကြုံလိုချင်လို့ ယှဥ်ပြိုင်ဖြစ်တာပါ။ လွန်ခဲ့သော ၂၀၁၉ ခုနှစ်ကလည်း ဆုရပြီးတော့ ပြည်ပပြိုင်ပွဲမပြိုင်ဖြစ်လို့ အတွေ့အကြုံရအောင် ပါဝင်ယှဥ်ပြိုင်တာပါ”လို့ Miss ရွှေခြူးငုံက MT News ကို ပြောပါတယ်။

သူမရဲ့ပြိုင်ပွဲက ဧပြီ ၂၄ ရက်မှာ စတင်ခဲ့ပေမယ့် ဗီဇာအခက်အခဲကြောင့် ဧပြီ ၂၇ ရက်ကျမှ မလေးရှားနိုင်ငံကို ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ မတ်လက Miss Grand Yangon 2023 ပြိုင်ပွဲအပြီး အချိန် တစ်လကျော်အတွင်း ပြိုင်ပွဲအတွက် ပြင်ဆင်ချိန်ရခဲ့တယ်လို့ ဆိုပါတယ်။

“ခြူးလေးက အခက်အခဲတော့မရှိပါဘူး။ ပြိုင်ပွဲကို နည်းနည်းနောက်ကျမှရောက်တော့ Activity တော့ လွတ်သွားတာလေးတွေရှိတယ်။ Camp အမှတ်ကတော့ ဘာမှမဖြစ်ပါဘူး။ အစထဲက နေမကောင်းဖြစ်နေပေမယ့် ချောင်းဆိုးတာလေးပဲ နည်းနည်းကျန်နေတာပါ။ ဒီပြိုင်ပွဲပြိုင်ရလို့ ခြူးလေး အရမ်းပျော်နေတယ်။ ကိုယ့်ကို အားပေးသူတွေက အရမ်းစိတ်ပူနေကြတယ်။ တစ်ခုခုဖြစ်မှာစိုးလို့လေ။ Mister & Miss ပြိုင်ပွဲဆိုတော့ တချို့နိုင်ငံတွေက Mister နဲ့ Miss တခါတည်းယှဥ်ပြိုင်ကြတယ်။ တချို့နိုင်ငံက Mister ပဲလာပြိုင်တာရှိတယ်။ နောက်ခြူးလေးတို့ဆို Miss ပဲလာပြိုင်ကြတာရှိပါတယ်။ ကိုယ့်နိုင်ငံ ကိုယ်စားပြု Mister တော့ ခေါ်ပါသေးတယ်။ လာချိတ်သူမရှိလို့ပါ။ Mister & Miss Celebrity International 2023 ပြိုင်ပွဲကို အကောင်းဆုံးတော့ ကြိုးစားယှဥ်ပြိုင်သွားမယ်”လို့ သူမက ဆက်ပြောပါတယ်။

အဆိုပါ Mister & Miss Celebrity International 2023 ပြိုင်ပွဲကြီးမှာ ကိုထူးအံ့လွင်နဲ့ အိအိအောင်ထွန်း @ မီးမီး တို့က အကဲဖြတ်ဒိုင်အဖြစ်လည်း ပါဝင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒီပြိုင်ပွဲမှာတော့ နိုင်ငံပေါင်း ၃၀ ကျော်က နိုင်ငံ့ကိုယ်စားပြု အလှမောင်မယ်တွေနဲ့အတူ မြန်မာပြည်က အလှမယ် ရွှေခြူးငုံ ပါဝင်ယှဥ်ပြိုင်သွားမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *