၂၈. ၄. ၂၀၂၃
Written by Nay Moe

ဒေသန္တရကာကွယ်ရေးတပ်များအား အနိုင်ကျင့်သတ်ဖြတ်နေသည့်အပြင် မုဒိမ်းကျင့်၊ လူသတ်မှုများပါ ကျုးလွန်နေသည့် PDF များ၊ ပကဖများကို NUG က အရေးယူပေးရန် အရပ်ဘက်အဖွဲ့အစည်း ရှစ်ဖွဲ့က NUG အား တောင်းဆိုထားကြောင်း သိရသည်။

NUG ၏ ဩဇာခံ ပအဖများ၊ ပကဖများ၊ PDF များက ဒေသန္တရကာကွယ်ရေးတပ်များအား အနိုင်ကျင့်ခြင်း၊ ပြည်သူများကို မုဒိမ်းကျင့် လူသတ်ခြင်း စသည့် လုပ်ရပ်များစွာ ကျုးလွန်နေပြီး ထိုသို့ တော်လှန်ရေးကာလအတွင်း တရားလက်လွန်ပြုမူဆောင်ရွက်နေသည့် ကိစ္စများနှင့် ပတ်သက်၍ ပူးတွဲ သဘောထားထုတ်ပြန်ချက်ထုတ်ပြန်သည့် အရပ်ဘက်အဖွဲ့အစည်းရှစ်ခုမှာ Interim Basic Education School-Thingangyun Students’ Union၊ Ayeyarwaddy Youths’ Union (AYU)၊ United Charitable Youths Foundation၊ ဧရာဝတီတိုင်းလယ်သမားအင်အားစုများ (AYEYARWADDY FARMERS FORCE)၊ တိုးတက်သောလူငယ်များအစည်းအရုံး (ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ)၊ ပြည်သူ့ဝန်ထမ်းများသမဂ္ဂ၊ Power Of Education Students’ Union နှင့် Youths’ Force in Ayeyarwaddy Region (YFAR) တို့ဖြစ်သည်။

အဆိုပါအဖွဲ့က ထုတ်ပြန်ရာတွင် ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၇ ရက် ညနေပိုင်းတွင် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ရပ်ကျေး ပအဖ၊ ပလဖ၊ ပကဖများ၏ လုပ်ရပ်များကို မနှစ်သက်သဖြင့် ပြည်သူ့ဆန္ဒနှင့်အညီ ပြန်လည်ဖွဲ့စည်းပေးရန် ပြည်သူများမှ ဆန္ဒပြခဲ့သည်ကို မြို့နယ်ပအဖတာဝန်ရှိသူက ဦးဆောင်သူ ၁၀ ဦးအား ” ဆန္ဒပြရင်ငြိမ်းစုစီဥပဒေအရ စာတင်ရန်နှင့် မတင်သည့်အတွက် ထောင် ၃လ ကျမည် ” ဟူ၍ ပြောဆိုခြိမ်းခြောက်ခဲ့သည်။ ထို့အပြင် ဆန္ဒပြပြည်သူများအား NUG ကို ပုန်ကန်သူများဖြစ်ပြီး ထိုသူများအား အရေးယူမည်ဟူ၍ ဖိအားပေးခြိမ်းခြောက်ခဲ့သည်။

အလားတူ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့ နေ့လည်ပိုင်းတွင်လည်း NUG(MOD) လက်အောက်ခံ ဂန့်ဂေါခရိုင်တပ်ရင်းနှင့် ပကဖတို့ပေါင်းပြီး LPDF စခန်းတခုကို သေနတ်ပစ်ဖောက် ဝင်ရောက်စီးနင်းခဲ့ပြီး LPDF ခေါင်းဆောင်ကို ရခိုင်၏ အမျိုးသမီးအပါအဝင် အရပ်သားနှင့် ရဲဘော် စုစုပေါင်း ၂ဝ ဝန်းကျင်ခန့်အား အကြမ်းဖက်ဖမ်းဆီးကာ စခန်းရှိပစ္စည်း အားလုံးသိမ်းယူသွားကြောင်း သိရသည်။ ထိုသို့ NUG လက်အောက်ခံမဟုတ်သည့် တော်လှန်ရေးတပ်ဖွဲ့များ၊ LPDF များအား NUG(MOD) လက်အောက်ခံ ပကဖနှင့် တပ်ရင်းများမှ လက်နက်ဖြင့် အချင်းချင်း ပစ်ခတ်သတ်ဖြတ်မှုများသည် မကွေးတိုင်း၊ စစ်ကိုင်းတိုင်းတို့တွင် ဆက်တိုက်ဖြစ်ပွားနေပြီး တော်လှန်ရေးလုပ်နေသူအချင်းချင်း လက်နက်ကိုင်ဗိုလ်ကျကာ ဖက်ဆစ်ဆန်ဆန် ပြုမူနေကြခြင်းပင်ဖြစ်သည်ဟု တောင်းဆိုချက်တွင် ဖော်ပြထားသည်။

ယင်းအပြင် ၂ဝ၂၂ ခုနှစ်၊ ဩဂုတ်လ (၂၉) ရက်နေ့တွင်လည်း စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် ကျေးရွာတခုရှိ ပကဖအဖွဲ့ဝင် ၄ ဦးက အသက်မပြည့်သေးသော ကလေးများနှင့် အမျိုးသမီးများ စုစုပေါင်း ၇ ဦးကို အကြောင်းပြချက်မခိုင်လုံဘဲ ဖမ်းဆီးကာ မုဒိန်းမှုနှင့် သတ်ဖြတ်မှုကျူးလွန်ခဲ့ကြောင်း သိရသည်။ ယနေ့ ၈ လကျော်ကြာသည်အထိ ကျူးလွန်သူ ပကဖအဖွဲ့ဝင်များကို ခေတ္တခေါ်ယူစစ်ဆေးသည်မှအပ မည်သို့မျှ အရေးယူမှု ပြုလုပ်ခြင်းမရှိကြောင်း သိရသည်။ ထိုကဲ့သို့ စစ်အာဏာရှင်ကိုဆန့်ကျင်သော တော်လှန်ရေးအင်အားစုအချင်းချင်း လက်နက်ကိုင်ဗိုလ်ကျခြင်း၊ ပြည်သူများ၏ လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်နှင့် ဒီမိုကရေစီအခွင့်အရေးများကို ချိုးဖောက်ခြင်း၊ ဖြစ်စဉ်အတိအကျမသိဘဲ မုဒိန်းကျင့် သတ်ဖြတ်မှုကဲ့သို့သော ဖက်ဆစ်စရိုက်ဆန်ဆန် ပြုမူနေမှုများသည် ပြည်သူများ၏ လွတ်လပ်ခွင့်၊ လုံခြုံမှုနှင့် လူထုယုံကြည်မှုတို့ကို ပျက်ပြားစေသည့် လုပ်ရပ်များဖြစ်၍ ကျန်ုပ်တို့မှ ကျူးလွန်ဆောင်ရွက်ခဲ့သော ပကဖ၊ ပလဖ၊ ပအဖ အဖွဲ့များအား ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်းနှင့် အဆိုပါလုပ်ရပ်များ ထပ်မံမဖြစ်ပွားစေရန် ထိန်းသိမ်းဆောင်ရွက်ကြရန်နှင့် ကျူးလွန်သော အဖွဲ့အစည်းများဖြစ်သည့် ပကဖ၊ ပအဖ၊ ပလဖများအား ပြင်းပြင်းထန်ထန် အရေးယူရန်၊ မိတ်ဖက်မဆန်သော လက်နက်ကိုင်အကြမ်းဖက်ဗိုလ်ကျမှုများ ရပ်တန်းကရပ်ရန် အလေးအနက်တိုက်တွန်းကြောင်း အဆိုပါရှစ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

NUG ၏ ဩဇာခံ ပအဖများ၊ ပကဖများ၊ PDF များက ဒေသန္တရကာကွယ်ရေးတပ်များအား အနိုင်ကျင့်ခြင်း၊ ပြည်သူများကို မုဒိမ်းကျင့် လူသတ်ခြင်း စသည့် လုပ်ရပ်များစွာ ကျုးလွန်နေသဖြင့် ထိုသို့ တောင်းဆိုမှုများ ရှိသော်လည်း စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတွင် ဒေသန္တရကာကွယ်ရေးတပ်များအား သတ်ဖြတ်လုယက်အမြစ်ဖြတ်ခြင်းများကို အဆိုးဆုံးကျုးလွန်ခဲ့သည့် ဗိုလ်သံမဏိ၏ လူ ၂၀ ကျော်သတ်ဖြတ်မှုကို NUG က အရေးမယူသကဲ့သို့ ဝက်လက်ပကဗအဖွဲ့က ဗိုလ်ကျားကြီး ဒေသန္တရကာကွယ်ရေးတပ်နှင့် GZ Special Task Force အဖွဲ့တို့မှ LDF အဖွဲ့ဝင်များစွာကိုလည်း သ-တ်ဖြတ်လုယက်အမြစ်ဖြုတ်မှုကျုးလွန်နေသည်များကို NUG က အရေးမယူသည့်အတွက် ဒေသခံပြည်သူအများစုက KIO/KIA က ဝင်ရောက်အရေးယူပေးရန် တောင်းဆိုရသည့် အခြေအနေများလည်း ဖြစ်ပေါ်နေသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News