၂၆. ၄. ၂၀၂၃
Translated by Htwe Ko Tun

မြန်မာနိုင်ငံအပါအဝင် ထိုင်း၊တရုတ်နှင့် အိန္ဒိယနိုင်ငံတို့အပါအဝင် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများနှင့် အာဆီယံနိုင်ငံအချို့မှ အစိုးရအဖွဲ့ကိုယ်စားလှယ်များနှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အကြံပေးအဖွဲ့များမှ ကိုယ်စားလှယ်များက မြန်မာနိုင်ငံတွင်ဖြစ်ပျက်နေသည့် သွေးထွက်သံယို အကျပ်အတည်းအခြေအနေကို လျော့ကျနိုင်စေရန် သိုသိပ်လျှို့ဝှက်သော အစည်းအဝေးတစ်ရပ်ကို အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၌ ဧပြီလ ၂၅ ရက်က ကျင်းပခဲ့ကြကြောင်း သတင်းအရင်းအမြစ်နှစ်ခုမှ သိရသည်။

Track 1.5 ဆွေးနွေးပွဲဟု သိကြသည့် အဆိုပါ အစည်းအဝေးက ဒုတိယမြောက်ကျင်းပခြင်းဖြစ်ကာ ပထမအကြိမ် Track 1.5 ဆွေးနွေးပွဲကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် မတ်လအတွင်းက ကျင်းပခဲ့သည်။ သတင်းအရင်းအမြစ်များက လျှို့ဝှက်အပ်သော အကြောင်းအရာကိစ္စဖြစ်၍ အစည်းအဝေးတက်ရောက်သည့် ကိုယ်စားလှယ်များအမည်ကို မဖော်ပြနိုင်ကြောင်းနှင့် ဧပြီလ ၂၅ ရက်ဆွေးနွေးပွဲတွင် မြန်မာ၊ အိန္ဒိယ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနှင့် လာအိုတို့အပြင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံတို့လည်း ပါဝင်တက်ရောက်ကြသည်ဟု ဆိုသည်။

သတင်းအရင်းအမြစ်တစ်ခုက ထိုဆွေးနွေးပွဲသို့ လက်ရှိမြန်မာအစိုးရက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားသော ပြည်ပြေး NUG အစိုးရလည်း ပါဝင်တက်ရောက်ရန် လိုလားမှုများရှိသည်ဟု ဆိုကြသည်။ ထိုသတင်းအရင်းအမြစ်က NUG နှင့် မြန်မာ့တပ်မတော်အစိုးရတို့အနေဖြင့် တရားဝင်ညှိနှိုင်းမှုများ တစ်ကြိမ်မျှ မပြုလုပ်ခဲ့ကြ၍ အစည်းအဝေးတက်ရောက်သူများက ၎င်းတို့ကိုပါ တရားဝင်တက်ရောက်ကာ ဆွေးနွေးစေလိုခြင်းဟု ပြောခဲ့သည်။

ထိုအစည်းအဝေးကို အိန္ဒိယနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊လူမှုရေး အကြံပေးအဖွဲ့တစ်ခုက အိမ်ရှင်အဖြစ် ကျင်းပခဲ့ကာ အကြမ်းဖက်မှုများလျော့ကျရေး၊ ဆွေးနွေးညှိနှိုင်းမှုနယ်ပယ်များ ဖန်တီးရေးနှင့် လူသားချင်း စာနာမှုအထောက်အပံ့များများ ပေးပို့ဖြန့်‌ဝေခြင်းတို့နှင့်ပတ်သက်၍ ဘက်ပေါင်းစုံမှဆွေးနွေးခဲ့ကြသည်။ တတိယအကြိမ် Track 1.5 ဆွေးနွေးပွဲကို လာအိုနိုင်ငံတွင် ပြုလုပ်ရန် လျာထားကြောင်းလည်း သိရသည်။

အဆိုပါအစည်းအဝေး၏ သတင်းအရင်းအမြစ်တစ်ခုကပင် Track 1.5 ဆွေးနွေးပွဲက အရှေ့တောင်အာရှနိုင်ငံများအသင်းကို အစားထိုးခြင်းမဟုတ်ကြောင်းလည်း ပြောကြားခဲ့သည်။

Ref——Reuters

Leave a Reply

Your email address will not be published. Required fields are marked *