၂၆. ၄. ၂၀၂၃
Written By Thandar

မေလ ၆ ရက်မှာ ကျင်းပမယ့် အကယ်ဒမီဆုပေးပွဲအခမ်းအနားကို တက်ရောက်ဖို့ ဖိတ်ကြားခံရတဲ့ ထုတ်လုပ်ရေးနဲ့အနုပညာရှင်၊ အတတ်ပညာရှင် ၇၅၇ ဦးရှိတယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ထုတ်ပြန်ထားပါတယ်။

၂ဝ၁၉ ၊ ၂ဝ၂ဝ နဲ့ ၂၀၂၂ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကို ဖိတ်ကြားရတဲ့ ထုတ်လုပ်ရေးများစာရင်းမှာ နန်းဒေဝီ ရုပ်ရှင်ထုတ်လုပ်ရေးက ဟစ်တိုင်ရုပ်ရှင်ကား ၊ အားမာန် ရုပ်ရှင်ထုတ်လုပ်ရေးက နိုင်ငံကြီးသားရုပ်ရှင်ကား ၊ အောင်သီရိ ရုပ်ရှင်ထုတ်လုပ်ရေးက နို့ဘီလူးရုပ်ရှင်ကား ၊ ခရေဖြူ ရုပ်ရှင်ထုတ်လုပ်ရေးက လှပ်၍ လွင့်သောရုပ်ရှင်ကား၊ ရွှေစည်တော် ရုပ်ရှင်ထုတ်လုပ်ရေးက ကြာတော့သည်လည်းမောင့်စကားရုပ်ရှင်ကား၊ Bo Bo Entertainment က ရိုးမပေါ်ကျတဲ့မျက်ရည် ရုပ်ရှင်ကား၊Brave Emprise Entertainment က လိပ်ပြာစံအိမ် ရုပ်ရှင်ကား၊ ဧ၀ရက်ရုပ်ရှင်ထုတ်လုပ်ရေးက ညစ်တွန်းရုပ်ရှင်ကား၊ ဝရဇိန် ရုပ်ရှင်ထုတ်လုပ်ရေးက ၁၀၁၄ ရုပ်ရှင်ကား၊ အောင်တိုင်းကျော် ရုပ်ရှင်ထုတ်လုပ်ရေးက ချည်ရုပ်ရှင်ကား ၊ 7th Sense ထုတ်လုပ်ရေးက ဒဏ္ဍာရီမိုးနဲ့ မဟူရာ ရုပ်ရှင်ရုံရုပ်ရှင်ကား ၊ Central Base ထုတ်လုပ်ရေးက ထာဝရနှောင်ကြိုးရုပ်ရှင်ကား၊ ပွဲခင်း ရုပ်ရှင်ထုတ်လုပ်ရေးက ကမ္မဖလရုပ်ရှင်ကား၊ စိန်ဌေး ရုပ်ရှင်ထုတ်လုပ်ရေးက ၃(က)/ 3A ရုပ်ရှင်ကား၊ သင်္ကေတ ရုပ်ရှင်ထုတ်လုပ်ရေးက မိန်းမတစ်ယောက်ရဲ့ဖွင့်ဟဝန်ခံချက် ရုပ်ရှင်ကား ၊ ရွှေမြန်မာ ရုပ်ရှင်ထုတ်လုပ်ရေးက မြက်နုရုပ်ရှင်ကား၊ အောင်ကိုလတ် ရုပ်ရှင်ထုတ်လုပ်ရေးက ဂန္ဓဗ္ဗရုပ်ရှင်ကား ၊ ပန်းသခင် ရုပ်ရှင်ထုတ်လုပ်ရေးက သောင်းတိုက်ကကြားစေသားရုပ်ရှင်ကား၊ MMN Entertainment ရုပ်ရှင်ထုတ်လုပ်ရေးက ရွှေမင်းသမီးရုပ်ရှင်ကား၊ Lucky 7 ရုပ်ရှင်ထုတ်လုပ်ရေးက နှင်းဆီရဲတိုက်ရုပ်ရှင်ကား၊ သမန်းကျားရုပ်ရှင်ထုတ်လုပ်ရေးက ကိုပေါရုပ်ရှင်ကား၊ Frenzo ရုပ်ရှင်ထုတ်လုပ်ရေးက ပိတောက်ကတဲ့ဂီတ ရုပ်ရှင် စတဲ့ ထုတ်လုပ်ရေးတွေ တက်ရောက်ရမှာဖြစ်ပါတယ်။

ဒ့ါအပြင် ဖိတ်ကြားမယ့်အကယ်ဒမီ မရရှိသေးတဲ့ အတတ်ပညာရှင်တွေချီးမြှင့်ပွဲစာရင်းအနေနဲ့ ဦးဟိန်းစိုး(ဒါရိုက်တာ) ဟစ်တိုင် နဲ့ နို့ဘီလူး ရုပ်ရှင်ကား၊ ဦးစတီးလ်(ဒွေးမေတ္တာ) ဒါရိုက်တာ နိုင်ငံကြီးသားရုပ်ရှင်ကား ၊Chartchai Ketnust ဒါရိုက်တာ/ဇာတ်ညွှန်း လိပ်ပြာစံအိမ်ရုပ်ရှင်ကား၊ ဦးအောင်ချမ်းလူ ဒါရိုက်တာ/ဇာတ်ညွှန်း ၃{က}/3 Aရုပ်ရှင်ကား၊ ဒေါ်ပွင့်သိင်္ဂီဇော်(အရုဏ်ဦး)ဒါရိုက်တာ မြက်နု နဲ့ ရည်းစားရွေးနည်းရုပ်ရှင်ကား၊ ဒေါ်ချိုဝတ်ရည် ဒါရိုက် တာ/တည်းဖြတ် ပုံရိပ်ရုပ်ရှင်ကား၊ ဦးနေပိုင် ဒါရိုက်တာ နှင်းဆီရဲတိုက် နဲ့ ကျောမှာဂဠုန်ရင်မှာနဂါး ရုပ်ရှင်ကား၊ ဦးနန္ဒကျော် ဒါရိုက်တာ ၊ ဦးမျိုးကိုကို(တွဲဖက်ဒါရိုက်တာ) ဒါရိုက်တာတို့ရဲ့ ကိုပေါရုပ်ရှင်ကား၊ ဦးရွှေပြည်ကတုံး ဒါရိုက်တာ/ဇာတ်ညွှန်း ကျေးညီနောင် ရုပ်ရှင်ကား စတဲ့ ဒါရိုက်တာတွေပါဝင်ပါတယ်။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက နာယကတွေ၊ အမှုဆောင်‌တွေ၊ အကဲဖြတ်အဖွဲ့ဝင်တွေ၊ အကယ်ဒမီဆုရရှိပြီးတဲ့ အနုပညာရှင် အတတ်ပညာရှင်စုစုပေါင်း ၉၂ ဦး၊ အကယ်ဒမီမရသေးတဲ့ အနုပညာရှင် ၄၃ဝ ဦး၊ အကယ်ဒမီမရသေးတဲ့ အတတ်ပညာရှင် ၂၃၅ ဦး ဆိုပြီး စုစုပေါင်း ၇၅၇ ဦးကို ဖိတ်ကြားထားတာဖြစ်ပါတယ်။

ယခုနှစ်မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အကယ်ဒမီပေးပွဲကို ပြန်ကြားရေးဝန်ကြီးဌာနက ကြီးမှူးပြီး နေပြည်တော်ရဲ့ လဟာပြင်ကဇာတ်ရုံမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ အဆိုပါဖိတ်ကြားခံရသူတွေအနေနဲ့ ယနေ့ဧပြီ ၂၆ ရက်ကနေ ၂၈ရက်အထိ အကယ်ဒမီဆုပေးပွဲဖိတ်ကြားလွှာတွေကို ရန်ကုန်မြို့ ဝင်္ဂဘာလမ်းရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကို လာရောက်ထုတ်ယူရမယ်လို့ ဆိုပါတယ်။

မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားအတွက် ကြိုတင်ပြင်ဆင်မှုအနေနဲ့ ဖွင့်ပွဲမှာ နည်းပညာမြင့် 3D Projection Mapping နဲ့ဖွင့်လှစ်မှု၊ LEDတပ်ဆင်မှု‌တွေ ၊ ဖျော်ဖြေရေးစင်မြင့်တည်ဆောက်မှု‌တွေ၊ မီးအလှဆင်မှုတွေ ၊နေရာထိုင်ခင်းနဲ့ လေအေးပေးစက်စီစဉ်ဆောင်ရွက်မှု၊ မီဒီယာဇုန်သတ်မှတ်ထားမှု၊ မုခ်ဦး တည်ဆောက်မှုတို့ကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည် ထောင်စုဝန်ကြီးက ကြည့်ရှု့စစ်ဆေးခဲ့တယ်လို့သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *