၂၆. ၄. ၂၀၂၃
Written by Peya

ပုဂံယဉ်ကျေးမှုဒေသ၊ တူရွင်းတောင်အရှေ့ဘက်ရှိ သက်စိုးတောင်ပေါ်မှ ဝင်္ကပါပုံစံ လေးထောင့်ပုံ အမှတ်တံဆိပ်သည် အနီးရှိ ကျောက်ရေကန်အောက်ခြေပုံစံကို ပြထားခြင်း ဟုတ်၊ မဟုတ် သုတေသန လုပ်သွားရန် အစီအစဉ်ရှိကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပုဂံဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက MT News သတင်းဌာနသို့ ပြောသည်။

အဆိုပါ အမှတ်တံဆိပ်နှင့် ပတ်သက်၍ QR ကုတ်နှင့် တူသည်ဟုဆိုကာ ခရီးသွားတချို့က အွန်လိုင်းတွင် ဓာတ်ပုံနှင့်တကွတင်ပြီးနောက် နာမည်ကြီးလာခဲ့ခြင်းဖြစ်ပြီး အဆိုပါ ရေကန်မှာ ကျောက်တောင်ထိပ်တွင် ထွင်းထားခြင်းဖြစ်ကာ စကြာပုံစံ အမှတ်တံဆိပ်ကို ရေကန်၏ အနောက်ဘက်နံရံတွင် ထွင်းထားခြင်းဖြစ်သည်။ ကျောက်ရေကန်၏ နံရံတွင် အရုပ်များကို ထွင်းထုထားသည့်အပြင် နဂါးရုံဘုရားပုံစံကိုလည်း ထွင်းထုထားသည့်အတွက် ဗုဒ္ဓဘာသာနှင့် ဆက်နွှယ်ခဲ့ဖွယ်ရှိသည်ဟု ယူဆရကြောင်း ၎င်းက ဆိုသည်။

အမှတ်အသား၏ အလယ်တွင် အပေါက်ရှိသကဲ့သို့ ရေကန်တွင်လည်း ကျင်းတစ်ခုရှိနေကာ မျက်မြင် လိုက်လံစစ်ဆေးမှုများအရ အဆိုပါ အမှတ်အသားသည် ပုံစံငယ်ဖြစ်ဖွယ်ရှိနေပြီး ရေကန်၏ အောက်ခြေခံက ရွှံ့နွံများကို ဖယ်ရှားနိုင်လျှင် ထွင်းထုထားသည့် ဝင်္ကပါပုံစံလက်ရာမျိုး ကြမ်းပြင်တွင်လည်း ရှိနေနိုင်ဖွယ်ရှိပြီး အဆိုပါ အောက်ခြေကျင်းနေရာကို ပြန်ဖော်ထုတ်နိုင်ခဲ့လျှင် ကျောက်ရေကန်၏ အောက်ကြမ်းခင်းတွင် ရေထုတ်သည့်စနစ် ရှိသလော သို့မဟုတ် မိုးရေကို သိုလှောင်သည်ထက် ကျော်လွန်သော ဘာသာရေး အသုံးပြုမှုများ ရှိသေးသလော ဆိုသည့်အချက်ကို သုတေသန ပြုလုပ်နိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ကိုယ်ကတော့ မျှော်မှန်းထားတာတော့ နံရံမှာ လုပ်ထာားတဲ့ ဝင်္ကပါက ရေကန်ရဲ့ ကြမ်းပြင်ကိုလည်း ဝင်္ကပါလို ထွင်းရင်းနဲ့ မပြီးတာလို့ ယူဆတာပဲ။ နွံတွေကို ဖယ်လိုက်ရင် ဘာတွေ တွေ့မလဲတော့ မသိဘူး” ဟု ဦးကျော်မျိုးဝင်းက ရှင်းပြသည်။

Leave a Reply

Your email address will not be published. Required fields are marked *