YGEA ၏ ရွှေရောင်းချနေမှုကို တွေ့ရစဥ်

၁၂. ၁၀. ၂၀၂၂

Written by Hey Mar

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) က အောက်တိုဘာ ၁၂ ရက်တွင် မီးလင်းရွှေ တစ်ကျပ်သား ၂၅ သိန်းစျေးဖြင့် ရောင်းချပေးမှု ဝယ်ယူလိုသူများပြားခဲ့ပြီး တချို့ ဝယ်ယူခွင့်မရခဲ့ကြောင်း သိရသည်။

မီးလင်းရွှေအတုံးအခဲ ၁၀ ပိဿာကျော်ကို အောက်တိုဘာ ၁၂ ရက် နေ့လယ် ၁ နာရီမှ ညနေ ၃ နာရီထိ (အသင်းဝင်များမှအပ) ရွှေ ၁ ကျပ်သားမှ ၁၀ ကျပ်သားအထိ မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းမှ ရောင်းချပေးနေသည်ဖြစ်ရာ ဝယ်ယူလိုသူများအနေဖြင့် မှတ်ပုံတင်မိတ္တူ၊ သန်းခေါင်စာရင်း မိတ္တူနှင့်အတူ ဘဏ် ချလံပါ ပူးတွဲတင်ပြ ဝယ်ယူရမည်ဖြစ်ကြောင်း သိရသည်။

”A Bank နဲ့ AYA Bank မှာ ဝယ်ယူချင်တဲ့ ပမာဏရဲ့ ငွေကို အရင်သွင်းပေးပြီး ချလံနဲ့အတူ အသင်းရုံးမှာ ပစ္စည်းလာထုတ်ရမယ်။ မန္တလေးနဲ့ ရန်ကုန်က ရွှေအသင်းက ရွှေတွေကိုပဲ ပူးပေါင်းရောင်းချပေးတာပါ။ စျေးနှုန်းက ၂၅ သိန်းပါ။ အပြင်စျေးနဲ့ ကွာတာမို့ ဝယ်ယူသူ များပါတယ်။ ဒီနေ့ ၁၀ ပိဿာ ရောင်းချပေးခဲ့တာပါ။ စုစုပေါင်း ရွှေစင်ရွှေခဲ ၁၂ ပိဿာ ၇၇ ကျပ်သား ရှိတာမို့ မနက်ဖြန်ကို ၂ ပိဿာ ၇၇ ကျပ်သား ထပ်မံ ရောင်းချပေးပါမယ်” ဟု YGEA အသင်းဥက္ကဌ ဦးမျိုးမြင့်က ပြောသည်။

၁၂ ရက်နေ့အတွက် လူဦးရေ အယောက် ၁၀၀ ကို ရောင်းချပေးခဲ့ပြီး ဝယ်ယူသူအများစုမှာ နံနက် ၆ နာရီ ဝန်းကျင်မှစ၍ မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း ရုံးရှိရာ ရွှေဘုံသာလမ်းတွင် တန်းစီ၍ တုံကင်ယူခဲ့ကြရကာ အချိန်နီးကပ်မှ ရောက်ရှိလာသူများ ဝယ်ယူခွင့်မရခဲ့သည်ကိုလည်း တွေ့မြင်ရသည်။

ပြည်တွင်းအခေါက်ရွှေစျေးကွက်တွင် ရွှေတစ်ကျပ်သား ၂၆ သိန်းခန့်ရှိပြီး YGEA ၏ ရောင်းချမှုအရ ကျပ် တစ်သိန်းခန့်သက်သာသဖြင့် တန်းစီဝယ်ယူမှုများပြားခဲ့ခြင်းလည်း ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *