ပြည်တွင်းဆိပ်ကမ်းတစ်ခုတွင် Aulac Vision သင်္ဘောဆီချနေစဥ် (Photo- Commerce)

၁၂. ၁၀. ၂၀၂၂

Written by Thettant

ပြည်တွင်းဆိပ်ကမ်းများတွင် စက်သုံးဆီ ၂ ဒသမ ၉၆ ဂါလန်သန်း ဆီချနေပြီး ၆ ဒသမ ၃၆ ဂါလန်သန်း ဆက်လက်ဆီချရန် စီစဥ်နေသည်ဟု စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ သိရသည်။

စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့် ပြည်တွင်း စက်သုံးဆီဖူလုံမှုရှိစေရေးအတွက် စက်သုံးဆီ အမျိုးအစားများအလိုက် ပုံမှန် စိစစ်တင်သွင်းဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၁၀ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သီလဝါဆိပ်ကမ်းရှိ Terminal များ၌ MT YU DONG သင်္ဘောမှ ဓာတ်ဆီ 92 Ron ၀ ဒသမ ၀၂ ဂါလန်သန်းနှင့် ပရီမီယံဒီဇယ်ဆီ ၂ ဒသမ ၈၀ ဂါလန်သန်း၊ MT Bowmore သင်္ဘောမှ ဓာတ်ဆီ 92 Ron ၀ ဒသမ ၁၄ ဂါလန်သန်းကို ဆီချလုပ်ငန်းများဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် ပရီမီယံဒီဇယ်ဆီ ၂ ဒသမ ၉ ဂါလန်သန်း တင်ဆောင်လာသည့် MT Aulac Vision သင်္ဘောနှင့် ရိုးရိုးဒီဇယ်ဆီ ၁ ဒသမ ၆ ဂါလန်သန်းနှင့် ပရီမီယံဒီဇယ်ဆီ ၁ ဒသမ ၈၆ ဂါလန်သန်း တင်ဆောင်လာသည့် MT Yu Yi သင်္ဘောများသည်လည်း ထပ်မံဆိုက်ကပ်လာပြီး ဆီချလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ရာ စက်သုံးဆီ လက်ကျန်အခြေအနေအရ စက်သုံးဆီဖူလုံမှုရှိကြောင်း တွေ့ရှိရသည်။

ယခုရက်သတ္တပတ်အတွင်း စက်သုံးဆီဈေးနှုန်းများသည် ကမ္ဘာ့စက်သုံးဆီ ဈေးနှုန်းမြင့်တက်လာမှုကြောင့် အနည်းငယ် မြင့်တက်လာသည်ကိုတွေ့ရှိရပြီး ပြည်တွင်းစက်သုံးဆီစျေးကွက်တွင်လည်း စက်သုံးဆီတစ်လီတာ ကျပ် ၂၀၀၀ အောက် ရောက်ရှိခဲ့ရာမှ အောက်တိုဘာ ၁၂ ရက်တွင် 92 Ron တစ်လီတာ ၁၉၆၅ ကျပ်၊ 95 Ron တစ်လီတာ ၂၀၃၀ ကျပ်၊ ဒီဇယ်တစ်လီတာ ကျပ် ၂၆၃၀ နှင့် ပရီမီယမ်ဒီဇယ်တစ်လီတာ ၂၇၁၅ ကျပ်သို့ ဆက်လက်ဖြစ်ပေါ်ခဲ့သည်။

ထို့အတူ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ကုမ္ပဏီပိုင်စက်သုံးဆီအရောင်းဆိုင်များနှင့် ပုဂ္ဂလိကစက်သုံးဆီ အရောင်းဆိုင်များသို့ စက်သုံးဆီပြတ်လပ်မှုမရှိစေရေး အချိန်မီပို့ဆောင်ပေးလျက်ရှိသော်လည်း ယခင်ရက်သတ္တပတ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ရှိ မြောင်စက်သုံးဆီ အရောင်းဆိုင်သို့ စက်သုံးဆီပြတ်လပ်မည်ဖြစ်သောကြောင့် အရေးပေါ်စက်သုံးဆီ ပို့ဆောင်စဉ် မြောင်-ပရိမ္မလမ်းပိုင်းတွင် အမည်မသိ အကြမ်းဖက်လက်နက်ကိုင်တစ်စုမှ အဆိုပါစက်သုံးဆီတင်ယာဉ်နှင့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များအား ဖမ်းဆီးခေါ်ဆောင်သွားသည့်အတွက် သက်ဆိုင်ရာ စက်သုံးဆီအရောင်းဆိုင်များသို့ စက်သုံးဆီများအချိန်မီ ရောက်ရှိနိုင်ခြင်း မရှိခဲ့ကြောင်းသိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *