ရခိုင်ပြည်နယ်အရေးအတွက် ဦးမောင်ဝိတ်အပါအဝင်လုပ်ငန်းရှင်များ ဒေါ်အောင်ဆန်းစုကြည်ထံ ငွေလှူဒါန်းစဥ်က မြင်ကွင်း (Photo- Maung Weik Website)

၁၂. ၁၀. ၂၀၂၂

Written by Nay Moe

စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်ထံမှ ဒေါ်လာငါးသိန်းခွဲ လာဘ်ယူမှုဖြင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်အား အောက်တိုဘာ ၁၂ ရက်တွင် ထောင်ဒဏ်သုံးနှစ် ထပ်မံချမှတ်လိုက်ကြောင်း သိရသည်။

” မောင်ဝိတ်အမှုအတွက် အဂတိမှုနှစ်မှုနဲ့ဖွင့်ထားတာ။ အခုတစ်မှုအတွက် ထောင်သုံးနှစ်စီနဲ့ ခြောက်နှစ်ချတာ။ ဒါပေမဲ့ တစ်ပေါင်းတည်းကျခံစေလို့ အမိန့်ပါတော့ သုံးနှစ်ပဲ ဖြစ်သွားတာပေါ့။ အရင်ချထားတာက ၂၃ နှစ်ဆိုတော့ စုစုပေါင်း ၂၆ နှစ် ဖြစ်သွားတာပေါ့။ ဒါတောင် နောက်ထပ် ငါးမှုကျန်သေးတယ်” ဟု နေပြ​ည်တော်အထူးတရားရုံးနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်အား လာဘ်ပေးခဲ့ကြောင်းနှင့် ပတ်သက်ပြီး စေပိုင်ကုမ္ပဏီပိုင်ရှင် ဦးမောင်ဝိတ်က ၂၀၂၁ ခုနှစ် မတ် ၁၇ ရက်တွင် ဝန်ခံထွက်ဆိုခဲ့စဥ်က ၂၀၁၈ ခုနှစ် မေလတွင် အမေရိကန်ဒေါ်လာ တစ်သိန်း၊ ၂၀၁၉ ခုနှစ် မေလတွင် ဒုတိယအကြိမ် အမေရိကန်ဒေါ်လာ တစ်သိန်းခွဲ၊ ၂၀၂၀ ပြည့်နှစ် ဖေေဖော်ဝါရီလတွင် တတိယအကြိမ် အမေရိကန်ဒေါ်လာ ငါးသောင်းနှင့် ဧပြီလတွင် စုတ္ထအကြိမ်အဖြစ် အမေရိကန်ဒေါ်လာ နှစ်သိန်းခွဲ စုစုပေါင်း အမေရိကန်ဒေါ်လာ ငါးသိန်းခွဲကို စက္ကူအိတ်ဖြင့်ထည့်၍ ဒေါ်အောင်ဆန်းစုကြည်ကို ၎င်းကိုယ်တိုင် လက်ရောက်ပေးအပ်ခဲ့ကြောင်း ဝန်ခံခဲ့သည်။

“ကျွန်တော်ရဲ့ လုပ်ငန်းများ အဆင်ပြေစေရေးအတွက် သက်ဆိုင်ရာ အစိုးရအဖွဲ့ဝင်တွေ ထောက်ပံ့လှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာ ကျွန်တော်ရဲ့ ကုမ္ပဏီဝန်ထမ်းတစ်ဦးက မိတ်ဆက်ပေးလို့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှာ အလုပ်လုပ်နေတဲ့ ဒေါ်ခင်မေဦးနဲ့ ရင်းနီးခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် မေလမှာ ဒေါ်ခင်မေဦးရဲ့ အကူအညီနဲ့ ဒေါ်အောင်ဆန်းစုကြည်နေအိမ်မှာ လာရောက် ပြောခဲ့ပါတယ်။အဲဒီအချိန်မှာပဲ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် အမေရိကန်ဒေါ်လာ တစ်သိန်းကို စက္ကူလက်ဆောင်အိတ်အနက်ထဲထည့်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ကျွန်တော်ကိုယ်တိုင်ပဲ ဦးကျောက်ဆန်းနဲ့ ဦးလှမျိုးတို့ရှေ့မှာ ပေးအပ်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာလည်း အမေရိကန်ဒေါ်လာ တစ်သိန်းခွဲကို ဒေါ်အောင်ဆန်းစုကြည်အိမ်မှာပဲ ကိုယ်တိုင် စက္ကူလက်ဆောင်အိတ်အနက်ထဲကို ထည့်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ခဲ့ပါတယ်။ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလမှာလဲ အရင်အတိုင်းပဲ အမေရိကန်ဒေါ်လာ ငါးသောင်းကို ဒေါ်အောင်ဆန်းစုကြည်အိမ်မှာပဲ ထပ်မံပေးအပ်ခဲ့ပါတယ်။ ဧပြီလမှာလဲ အမေရိကန်ဒေါ်လာ နှစ်သိန်းခွဲကို ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်တိုင်ပေးအပ်ခဲ့ပါတယ်။ အဲဒီလိုပေးတဲ့ အချိန်မှာတော့ အနားမှာ ဘယ်သူမှ မရှိပါဘူး” ဟု ဦးမောင်ဝိတ်က ဖော်ထုတ်ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *