(Photo-Thura U Shwe Mann Facebook)

၁၂. ၁၀. ၂၀၂၂

Written by Nay Moe

ပါတီနိုင်ငံရေး ဆက်လုပ်ရန် ဆန္ဒမရှိတော့သဖြင့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP) အား ဖျက်သိမ်းရခြင်းဖြစ်ကြောင်း သူရဦးရွှေမန်းက အောက်တိုဘာ ၁၂ ရက်တွင် အသိပေးထားသည်။

သူရဦးရွှေမန်း၏ UBP ပါတီ ဖျက်သိမ်းမည့် အသိပေးစာတွင် ပါတီကို ဦးဆောင်ဖွဲ့စည်းခဲ့သည့် ခေါင်းဆောင်များသည် ယခုအခါ အသက်အရွယ် ကြီးရင့်လာကြပြီး ကျန်းမာရေးချို့တဲ့သူများရှိသလို လူမှုရေးနှင့် အခြား အခက်အခဲများ ရှိလာကြခြင်း၊ ပါတီနိုင်ငံရေးအား ဆက်လက်လုပ်ကိုင်ရန် ဆန္ဒမရှိကြတော့ခြင်းတို့ကြောင့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီအား နိုင်ငံရေးပါတီမှတ်ပုံတင်ထားခြင်းမှ ဖျက်သိမ်းရန် ဗဟိုအလုပ်အမှုဆောင်များက သဘောတူ ဆုံးဖြတ်ခဲ့ကြသည် ဟု ဖော်ပြထားသည်။

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၁ ရက်မှစ၍ ဖျက်သိမ်းခြင်းကို အတည်ပြုနိုင်ရန်ကိုလည်း သက်ဆိုင်ရာသို့ တင်ပြထားကြောင်း သိရသည်။

ထို့အတွက် UBP ပါတီ ဖွဲ့စည်းရန် စတင်ဆောင်ရွက်စဉ်မှအစ ပါတီတည်ထောင်ပြီး စည်းရုံးလှုပ်ရှားမှုနှင့် ရွေးကောက်ပွဲဝင်ပြီးနောက် ယခု နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံတင်ထားခြင်းမှ ဖျက်သိမ်းရန် ဆုံးဖြတ်လုပ်ဆောင်သည့် အချိန်အထိ ငွေ၊ ပစ္စည်း၊ လုပ်အားတို့ဖြင့် ပါဝင်ကူညီအားပေးခဲ့ကြသူများအား အထူးကျေးဇူးတင် အမှတ်ရနေမည် ဖြစ်ကြောင်းလည်း ဖော်ပြခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *