USDP ပါတီညီလာခံကျင်းပမှုမြင်ကွင်းကို တွေ့ရစဥ် (Photo - U Khin Yi Facebook)

၁၂. ၁၀. ၂၀၂၂

Written by Tha Doe

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ၏ တတိယအကြိမ်ပါတီညီလာခံ အောင်မြင်သည့်အပေါ် ဂုဏ်ပြုအောင်ပွဲအခမ်းအနား ကျင်းပမည်ဖြစ်ပြီး တက်ရောက်သူများအား ငွေသားအပါအဝင် ဆုမဲများမဲဖောက်ပေးရန် စီစဥ်နေကြောင်း သိရသည်။

USDP ၏ တတိယအကြိမ် ပါတီညီလာခံ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည့် အထိမ်းအမှတ်၊ ဂုဏ်ပြုအောင်ပွဲအခမ်းအနားနှင့် ပါတီညီလာခံမှ ချမှတ်ခဲ့သည့် ပါတီအောင်နိုင်ရေး ရှေ့လုပ်ငန်းစဉ်များ ရှင်းလင်းပွဲအား ပြည်ထောင်စုနယ်မြေ ၈ မြို့နယ်တွင် တစ်မြို့နယ်ချင်းအလိုက် ပါတီဝင်များ စုံစုံညီညီ၊ တွေ့ဆုံပွဲ အခမ်းအနားများကို မိုးလေဝသ၊ ရာသီဥတုသာယာကောင်းမွန်သည့် နေ့ရက် အောက်တိုဘာလ/ နိုဝင်ဘာလအတွင်း “Covid -19 စည်းကမ်းချက်များနှင့်အညီ ” ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

ပြည်ထောင်စုနယ်မြေ(၈)မြို့နယ်တွင် တစ်မြို့နယ်ချင်းသို့ ပြည်ထောင်စုနယ်မြေ ပါတီဥက္ကဋ္ဌ သရေစည်သူ ဦးမြင့်လှိုင်မှ ကိုယ်တိုင်ပါဝင်ဦးဆောင်မည်ဖြစ်ပြီး၊ တစ်မြို့နယ်ချင်း ပါတီဝင်များ စုံညီတွေ့ဆုံကြပြီး အပြန်အလှန်ဆွေးနွေးခြင်း အစီအစဉ်များနှင့် ပါတီအောင်နိုင်ရေး ရှေ့လုပ်ငန်းစဉ် တစ်ချက်ခြင်းအား ကိုယ်တိုင်ရှင်းလင်းပြောကြားသွားမည် ဖြစ်သည်။

ထို့ပြင် တစ်မြို့နယ်ချင်း ပါဝင်တက်ရောက်ကြမည့် ပါတီဝင်များသည် သက်ဆိုင်ရာ မြို့နယ်များသို့ ကြိုတင်ဆက်သွယ် သတင်းပို့နိုင်ကြရေးနှင့် အမည်စာရင်းများ မကျန်စေရေး အတွက် စနစ်တကျဆောင်ရွက်ကြရန် လိုအပ်သည်ဟု ဆိုသည်။

အခမ်းအနားတွင် ပါတီဝင်များအားလုံးနှင့် ပါတီထောက်ခံအားပေးကြသူများ အားလုံးကို တေးဂီတဖြင့် ဖျော်ဖြေခြင်း၊ ဆိုင်ကယ်၊ ရေခဲသေတ္တာ၊ တီဗွီများ၊ တိုင်ကပ်နာရီများ၊ လက်ပတ်နာရီများ၊ ကျောက်စိမ်း/ ပုလဲလက်ဝတ်ရတနာများ၊ ငွေသားဆု ကျပ် (၅)သိန်းဆု၊ ကျပ်(၃)သိန်းဆု၊ ကျပ်(၂)သိန်းဆု၊ ကျပ်(၁)သိန်းဆုများနှင့် ပါတီဝင်တိုင်း တစ်ဦးချင်းစီအတွက် အမှတ်တရဂုဏ်ပြုလက်ဆောင်များ ပေးအပ်သွားမည်ဖြစ်သည်။

ယင်းအပြင် အသက်(၆၀)နှစ်နှင့်အထက် ပါတီဝင် အဘိုး အဖွားများကို မော်တော်ယာဉ်များဖြင့် စနစ်တကျ ပို့/ကြိုစီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး၊ အဘိုး/အဖွား တစ်ဦးချင်းအား အနွေးထည်များ၊ ဝတ်စုံများ၊ စားသောက်ဖွယ်ရာများ၊ အမှတ်တရပစ္စည်းများ ဂုဏ်ပြု ပေးအပ်သွားရန် ဆောင်ရွက်ထားရှိသည်ဟုလည်း သိရသည်။

အဆိုပါ အခမ်းအနားကျင်းပမည့်အစီအစဥ်အား ပါတီဥက္ကဋ္ဌ ဦးခင်ရီအပါအဝင် ဒုဥက္ကဋ္ဌများအား မိတ္တူပေးပို့ရာတွင် ပါတီညီလာခံကျင်းပစဥ်က ပါဝင်ခဲ့မှုမရှိသော ဒုက္ကဋ္ဌ (၃) နေရာ၌ ဦးမျိုးဇော်သိန်းဆိုသော အမည်ပါဝင်လာခဲ့ပြီး အဆိုပါ ဦးမျိုးဇော်သိန်းမှာ တပ်မတော်စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီးမျိုးဇော်သိန်းဖြစ်ကြောင်းလည်း ကြိုတင်သတင်းများထွက်ပေါ်ခဲ့ဖူးသည်။

Leave a Reply

Your email address will not be published. Required fields are marked *