၁. ၄. ၂၀၂၃
Written by Ye Kyaw

စားသောက်ကုန်၊ ယာဥ်၊ အီလတ်ထ‌‌ရောနစ်ပစ္စည်း၊ တယ်လီဖုန်း (အုပ်စု ၅) စသည်တို့အတွက် သွင်းကုန်လိုင်စင်လျှောက်ထားရာတွင် လိုင်စင်လျှောက်ထားမှု ၅၀ ရာခိုင်နှုန်းအား ဘတ် (သို့မဟုတ်) ယွမ်ငွေဖြင့် ခွင့်ပြုမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က မတ်လ ၃၀ ရက် ရက်စွဲပါ အစည်းအဝေးအမှတ်စဥ် (၂၄/၂၀၂၃) ဖြင့် ထုတ်ပြန်ထားသည်။

နိုင်ငံခြားသုံးငွေကြီးကြပ်ရေးကော်မတီ အစည်းအဝေးအမှတ်စဥ်( ၂၄/၂၀၂၃) ဆုံးဖြတ်ချက် အပိုဒ် ၁ (ဃ)၌ “အစည်းအဝေးအမှတ်စဥ် (၇၄/၂၀၂၂) တွင် လျှောက်ထားလာသည့် စားသောက်ကုန်၊ ယာဥ်၊ အီလတ်ထ‌ရောနစ်ပစ္စည်း၊ တယ်လီဖုန်းအုပ်စု(အုပ်စု ၅)၏ လိုင်စင်လျှောက်ထားမှု ၅၀ ရာခိုင်နှုန်းအား ဘတ် (သို့) ယွမ်ဖြင့် သွင်းကုန်လိုင်စင်ခွင့်ပြုရန်” ဟု ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် အဆိုပါကိစ္စရပ်နှင့် စပ်လျဥ်း၍ AD လိုင်စင်ရဘဏ်များအနေဖြင့် သိရှိလိုက်နာနိုင်ပါရန် အကြောင်းကြားခဲ့ခြင်းဖြစ်သည်။

“အခုက ဒေါ်လာကျစ်တဲ့အတွက် သွင်းကုန်လိုင်စင်လျှောက်လို့ရှိရင် ပါမစ်ချမပေးတော့ဘူး။ ချမပေးတဲ့အတွက် ကျွန်တော်တို့က အခုသွင်းကုန်သွင်းရင် သင်္ဘောလိုင်းကမရဘူး။ အဲတော့ နယ်စပ်ကို ပြေးရတယ်။ နယ်စပ်ပြေးတော့ ဟိုဘက်အပေါက်က ယွမ်ရှိမယ်။ ဒီဘက်အပေါက်က ဘတ်ရှိမယ်။ ယွမ်နဲ့ဘတ်ပါ မျှသုံးခိုင်းတာ။ ဆိုလိုတဲ့သဘောကတော့ ဒေါ်လာကို ကျစ်လိုက်တဲ့သဘောပဲ။ အခုပြောထားတဲ့ ကုန်ပစ္စည်းတွေက အရေးကြီးတင်သွင်းခွင့် နံပါတ် ၁ ကနေ နံပါတ် ၅ အထိရှိတယ်။ အဲမှာ ဆေးဝါးက ၁၊ စားသောက်ကုန်က ၂၊ အထည်အလိပ်က ၃၊ ဆောက်လုပ်ရေးက ၄၊ အခြားက ၅ပေါ့။ ဥပမာ စားသောက်ကုန်သွင်းမယ်ဆိုရင် အလွယ်တကူခွင့်ပြုတယ်။ ဒါပေမဲ့ သင်္ဘောနဲ့စာရင် နယ်စပ်ကနေခွင့်ပြုချင်တာ။ တရုတ်ဘက်က ယွမ်ရှိမယ်။ ထိုင်းဘက်က ဘတ်ရှိမယ်။ အဲဒါတွေကို မျှသုံးလို့ရမယ်။ အဲဒီသဘောပါပဲ” ဟု သွင်းကုန်လုပ်ငန်းဆောင်ရွက်နေသူတစ်ဦးက ပြောသည်။

ပြည်ပမှ မိုဘိုင်းဖုန်းသွင်းနေသူအချို့သည် အခွန်ရှောင်လိုသည့်အတွက် သွင်းကုန်လိုင်မလျှောက်ထားဘဲ ပြင်ပဈေးကွက်တွင် အပြည့်အဝယွမ်ငွေဖြင့် ပေးချေဝယ်ယူမှုများရှိကြောင်း၊ ယင်းကဲ့သို့ ဆောင်ရွက်မှုများကြောင့် ပုံမှန်ဈေးနှုန်းထက် သက်သာသော ဈေးနှုန်းဖြင့် ဈေးကွက်အတွင်း ပြန်လည်ရောင်းချနိုင်သော်လည်း တရားဝင်ဘဏ်နှင့် ချိတ်ဆက် ဆောင်ရွက်ထားခြင်းမရှိသဖြင့် တစ်ဘက်နိုင်ငံမှ ပိတ်သိမ်းခဲ့ပါက ဆုံးရှုံးနစ်နာမှုများလည်းရှိခဲ့ကြောင်း ပြည်ပမှ မိုဘိုင်းဖုန်းတင်သွင်း၍ ရောင်းချနေသူများထံမှ သိရသည်။

“အခုက အပြင်မှာ ယွမ်နဲ့အပြည့်အဝ လုပ်နေတာပဲ။ ဘဏ်နဲ့ မလုပ်ဘူး တရားဝင်ပေါ့။ ဘာလို့လဲဆိုတော့ အခွန်ရှောင်ချင်တဲ့သဘောပေါ့။ ဒါပေမဲ့ မှောင်ခိုငွေလဲဆိုတော့ တရုတ်ပြည်က ရပ်သွားတာတို့၊ ဘဏ်အကောင့်ကို အပိတ်ခံလိုက်ရတာတို့ဆိုရင်တော့ ပြန်မရနိုင်ဘူး ဟိုဘက်ကုန်သည်နဲ့ တစ်ယောက်တစ်ဝက်ခံဆိုတဲ့ ပုံစံတွေနဲ့ လုပ်တာများတယ်။ အဓိက အခွန်ရှောင်ချင်ကြတာ။ အပြင်မှာက နည်းနည်းသက်တယ်။ ဒါပေမဲ့ ဆုံးရှုံးမှုတော့ကြီးတယ်” ဟု တရုတ်မိုဘိုင်းဖုန်းများ တင်သွင်းကာ ပြည်တွင်း၌ ပြန်လည်ရောင်းချသော လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *