၁. ၄. ၂၀၂၃
Written by Pan Ei

အမေရိကန်နိုင်ငံ တောင်ပိုင်းနှင့် အနောက်အလယ်ပိုင်းတို့တွင် သောကြာနေ့ (မတ်လ ၃၁ ရက်) က အင်အားပြင်းလေဆင်နှာမောင်းနှင့် မုန်တိုင်းများ တိုက်ခတ်မှုကြောင့် အနည်းဆုံး လူ ၅ ဦး သေဆုံးကာ ဒါဇင်နှင့်ချီသော လူအများအပြားကို ဆေးရုံတင်ထားရပြီး နေအိမ်များ ပြိုကျပျက်စီးသည့်အပြင် သစ်ပင်များနှင့် ဓာတ်အားလိုင်းများပါ လဲကျပျက်စီးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

သောကြာနေ့မွန်းလွဲပိုင်းတွင် ပြင်းထန်သော လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် အမေရိကန်၊ အာကန်ဆပ် ပြည်နယ်၊ North Little Rock မြို့တွင် ပထမဆုံးသေဆုံးမှုဖြစ်ပွားခဲ့ပြီး အဆိုပါဒေသတွင် အနည်းဆုံး လူ ၃ဦး သေဆုံးခဲ့ကာ ဆေးရုံတင်ထားရသူ အနည်းဆုံး လူ ၅၀ ရှိနေကြောင်း သိရသည်။

အမေရိကန်ပြည်ထောင်စု အနောက်အလယ်ပိုင်းရှိ အင်ဒီယာနာပြည်နယ်တွင်လည်း မုန်တိုင်းဝင်ရောက် တိုက်ခတ်မှုကြောင့် သေဆုံးသူ အနည်းဆုံး ၂ ဦး အထိရှိခဲ့ပြီး လူနေအိမ်အများအပြားနှင့် မီးသတ်ဌာန အဆောက်အဦလည်း ပျက်စီးခဲ့ကာ အရေးပေါ်ကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များသည် အဆိုပါ ဒေသတွင် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပြင်းထန်သောရာသီဥတုကြောင့် အမေရိကန်တဝှမ်းတွင် သုံးစွဲသူပြည်သူ သုံးသိန်းနီးပါး လျှပ်စစ်မီးပြတ်တောက်နေကြောင်း သိရပြီး ပြီးခဲ့သည့် သီတင်းပတ်ကလည်း မစ္စစ္စပီမြို့တွင် မုန်တိုင်းများ တိုက်ခတ်ပြီးနောက် လူ ၂၆ ဦး သေဆုံးကာ မစ္စစ္စပီနှင့် အလာဘားမားတို့တွင် နေအိမ်များနှင့် အဆောက်အဦများ ပျက်စီးခဲ့ကြောင်း သိရသည်။

Ref; CNN

Leave a Reply

Your email address will not be published. Required fields are marked *

Related News